ထားဝယ်ခရိုင်၊သရက်ချောင်းမြို့နယ်၊ သင်းကျွန်းကျေးရွာတောင်ပိုင်းတွင်ကျန်းမာရေးမကောင်း၍ အိပ်နေသောအသက် ၇၈ နှစ်အရွယ် မိခင်ဖြစ်သူကိုအရက်သောက်စားအိမ်ပြန်လာခဲ့သောသားဖြစ်သူကမိခင်ဦးခေါင်းကိုသံတူဖြင့် ထုသတ်ခဲ့ကြောင်းတနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

logo-copy

ဇူလိုင်လ ၆ ရက်နေ့ ညနေ ၄ နာရီကအရက်သောက်စား ပြန်လာသောအသက် ၄၅ နှစ်အရွယ် သားတစ်ဦးကကျန်းမာရေးမကောင်းသည့် အမေအိုကိုပြုစုပေးနေသောသားငယ်ဖြစ်သူနှင့် သမီးကြီးတို့ကို“မိခင်ကိုသတ်မှဖြစ်မယ်”ဟု ကြိမ်းဝါးပြောဆိုသဖြင့် သမီးကြီးဖြစ်သူကပတ်ဝန်းကျင်အားအကူအညီတောင်းရန် ထွက်သွားခဲ့ပြီးသားငယ်ဖြစ်သူကလည်းအိမ်နောက်ဘက်ရှိအိမ်သာသို့သွားနေစဉ် နေအိမ်အတွင်းမှ အမေအို၏အော်သံကို ကြားခဲ့ခြင်းဖြစ်ကြောင်းယင်းရဲတပ်ဖွဲ့မှူးရုံး၏ မှတ်တမ်းတွင်ရေးသားထားသည်။

ညနေ ၄နာရီ ၂၀မိနစ်တွင် နေအိမ်ထဲမှ အော်သံကြောင့် သွားရောက်ကြည်ရှုခဲ့ရာအိပ်ရာထက်တွင် လဲလျောင်းလျက်ဖြင့်မိခင်ဦးခေါင်း၌သွေးများထွက်နေသည်ကိုတွေ့ရှိခဲ့ရပြီးအရက်သောက်ထားသောသားဖြစ်သူမှာမိခင်ခြေရင်းတွင် သံတူကိုဘေးတွင်ထားလျက် လှဲအိပ်နေသည်ကိုတွေ့ရှိခဲ့ရကြောင်းယင်းမှတ်တမ်း၌ ဖော်ပြထားသည်။

သံတူဖြင့်အထုခံထားရသည့် မိခင်သည် နဖူးတွင် ဖူးရောင်ဒဏ်ရာ၊နောက်စေ့တွင် ပေါက်ပြဲဒဏ်ရာများရရှိခဲ့သဖြင့်ထားဝယ်မြို့အထွေထွေရောဂါကုဆေးရုံကြီးတွင်ဆေးကုသမှုခံယူနေစဉ် ည၈နာရီ ၁၀မိနစ်၌သေဆုံးသွားခဲ့ကြောင်းအဆိုပါရဲမှတ်တမ်းအရသိရသည်။

“ဒီလိုဖြစ်စဉ်မျိုးသရက်ချောင်းမြို့နယ်ထဲမှာမဖြစ်ခဲ့ဖူးဘူး”ဟုသရက်ချောင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ကြပ်ကြီးတစ်ဦးကဆိုသည်။
မိခင်ကိုသတ်သည့်သားဟုယူဆရသူကိုသရက်ချောင်း မြို့မရဲစခန်းတွင် (ပ) ၁၆၃/၂၀၁၆၊ရာဇသတ်ကြီးပုဒ်မ ၃၀၂အရအမှုဖွင့်ဖမ်းဆီးထားကြောင်းသိရသည်။
တင့်လွင်

Leave a Reply