မော်လမြိုင်၊ မတ် ။ ။ ၂ဝ၁၄ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာ စီမံချက်အရ လူမှုပင်စင်သဘောမျိုးဖြင့် အသက်ကိုးဆယ်နှင့် အထက်ဘိုးဘွားများအား တစ်လလျှင် ငွေ ၁၀ဝ၀ဝ ကျပ်စီ ထောက်ပံ့ပေးသွားရန် စီစဉ်နေကြောင်း မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က ပြောသည်။

ယခင်နှစ်များက အသက် ၉၀ နှစ်နှင့် အထက်ကို တစ်နှစ်လျှင် ငွေကျပ် တစ်သောင်းခွဲမှ နှစ်သောင်းခွဲအထိ ထောက်ပံ့ပေးခဲ့ရာမှ လာမည့် ၂ဝ၁၇-၂၀၁၈ ဘဏ္ဍာနှစ် အစပိုင်းကာလမှစ၍ တစ်လလျှင် ငွေ ၁၀ဝ၀ဝ ကျပ်ဖြင့် ပြောင်းလဲ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အမှန်က လူမှုရေးပင်စင်က ၆၅ နှစ်နှင့်အထက် နိုင်ငံသားအားလုံးကို ပေးရမှာ၊ ဘတ်ဂျက်က အများကြီးမရှိလို့ မပေးနိုင်တဲ့အတွက် ၉၀ အထက်ကို ဒီနှစ်က စပြီးပေးတာ”ဟု ၎င်းက ပြောသည်။

သက်ကြီးရွယ်အိုများကို လစဉ်ငွေကြေးထောက်ပံ့ခြင်းနှင့် ပတ်သက်ပြီး နေပြည်တော်တွင် အစည်းအဝေးများ ပြုလုပ်ခဲ့ပြီးဖြစ်၍ ပြည်နယ်အစိုးရနှင့် ညှိနှိုင်းကာ ပြည်နယ်အတွင်းရှိ သက်ကြီးရွယ်အိုစာရင်းများ ကောက်ယူနေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

သက်ကြီးရွယ်အိုစာရင်းကို ၂ဝ၁၆-၂၀၁၇ ဘဏ္ဍာနှစ်က ထောက်ပံ့ကြေးပေးခဲ့သည့် စာရင်းအပေါ်အခြေခံကာ ကောက်ယူသွားမည်ဖြစ်ပြီး အသက် ၉၀ နှစ်နှင့် အထက် ဘိုးဘွား တစ်ဦးမှမကျန်အောင် ဂရုစိုက် ကောက်ယူ သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အရင်ကလည်း ပေးမယ်ပြောပြီး ဘာမှလည်း မထူးဘူး၊ ဒီနှစ်တော့ တကယ်ထိထိရောက်ရောက် ပေးစေချင်တာပေါ့၊ အဘိုးအဘွားတွေရဲ့ ဆေးဖိုးလေး ကာမိအောင်လေ”ဟု အသက် ၉ဝ ကျော် မိခင်ဖြစ်သူကို စောင့်ရှောက်နေသည့် ရခိုင်ကုန်းရပ်ကွက်မှ ဒေါ်သန်းဌေးက ဆိုသည်။

လက်ရှိတွင် မွန်ပြည်နယ်တွင်နေထိုင်သည့် သက်ကြီးရွယ်အို ဘိုးဘွားများအနက် အသက် ၉ဝ နှစ်နှင့်အထက် ၁၇၆၇ ဦးရှိပြီး အသက် ၁ဝဝ နှစ်နှင့် အထက် ၇၆ ဦးရှိကြောင်း လူမှုဝန်ထမ်းရုံးမှ ထုတ်ပြန်သည့် စာရင်းများတွင် ဖော်ပြထားသည်။

Written by – ဖိုးဝ

Leave a Reply