ဂေါပကအခြေခံစည်းမျဉ်း၊ စည်းကမ်းများ၊ အမိန့်၊ ညွှန်ကြားချက်များကို အမြန်ဆုံးရေးဆွဲကာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ သမိုင်းဝင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့အား အသစ်ပြန်လည်ဖွဲ့စည်း သွားမည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြား လိုက်သည်။
gawpaga

အသစ်ပြန်လည်ဖွဲ့စည်းမည့် ဂေါပကအဖွဲ့တွင်မူ သက်ဆိုင်ရာ ပညာရှင်များနှင့် သမာအာဇီဝကျကျ အသက်မွေး ဝမ်းကျောင်းပြုသူများအား ပါဝင်ဖွဲ့စည်းသွားမည်ဟုလည်း သူရဦးအောင်ကိုက အောက်ပါအတိုင်း ပြောသည်။

“ပြန်လည်ဖွဲ့စည်းတဲ့နေရာမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ အတွက်ကိုလည်း သစ်တော်ပညာရှင်အငြိမ်း စား ပါဝင်ဖို့ သင့်တယ်။

နောက်ပြီးတော့ စေတီတော်ကြီးရဲ့ ရင်ပြင်အဆောက်အဦတွေ ကြံ့ခိုင်ဖို့၊ လျှပ်စစ်ဓာတ် အား လိုင်းတွေ အန္တရာယ်ကင်းစေဖို့၊ အဆောက်အဦတွေ မြို့ပြသို့ လျှပ်စစ် အငြိမ်းစားအင်ဂျင်နီယာတွေလည်း ပါဖို့သင့်ပါတယ်။ တစ်ခါ ငွေစာရင်းပိုင်းဆိုင်ရာ ကျွမ်းကျင်တဲ့ အငြိမ်းစား ငွေစာရင်းအရာရှိများလည်း ပါဖို့ သင့်ပါတယ်။ ပြီးတော့ မွန်ပြည်နယ်အစိုးရအဖွဲ့က ရွေးထားတဲ့ ဘာသာသာသနာအပေါ်မှာ ကြည်ညိုတန်ဖိုး ထားတဲ့၊ သမာအာဇီဝနဲ့ အသက်မွေးဝမ်းကြောင်းပြုတဲ့ သူတွေလည်း ပါဖို့ သင့်ပါတယ်” ဟု သူရဦးအောင်ကိုက မီဒီယာများကို ပြောသည်။

နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရုံးတွင် ဇွန်လ ၂၇ရက်၊ မွန်းလွဲပိုင်းက ပြုလုပ်သည့် ကျိုက်ထီးရိုးစေတီတော်ဆိုင်ရာ လုပ်ငန်းညှိနှိုုင်းအစည်းအဝေးတွင် သူရဦးအောင်ကိုက မီဒီယာများအား ပြောကြားလိုက်ခြင်း ဖြစ်သည်။

“စေတီတော်မြတ်ကြီးရဲ့ ဂေါပကအဖွဲ့ကို အသစ်ပြန်လည်ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ဂေါပကအဖွဲ့အား အသစ်ပြန်လည်ဖွဲ့စည်းခြင်း မပြုရသေးမီကာလအတွင်း လက်ရှိ အဖွဲ့ဝင် ၁၄ဦးပါဝင်သည့် ဂေါပကအဖွဲ့အား ယာယီအဖွဲ့အစည်း သတ်မှတ်ထားရန် ညှိနှိုင်းအစည်းအဝေးတွင် ဆုံးဖြတ်ထားသည်။

လက်ရှိတွင်မူ ကျိုက်ထီးရိုးစေတီတော်တွင် အမှိုက်စွန့်ပစ်မှု စနစ်တကျမရှိခြင်း၊ ပတ်ဝန်းကျင် ညစ်ညစ်မှုများ ဖြစ်ပေါ်နေခြင်း၊ ဘုရားဖူးဧည့်သည်များ စည်ကားသည့်ကာလအတွင် ဝန်ဆောင်မှုမရှိဘဲ ဟိုတယ်၊ တည်းခို ခန်းများ ဈေးနှုန်းအလွန်မြင့်တက်ခြင်း၊ အစားအသောက်များ တန်ရာတန်ကြေးထက် ဈေးကြီးခြင်းများ ဖြစ်ပေါ်နေသည်ဟုလည်း သူရအောင်ကိုကဆိုသည်။

အဆိုးဆုံးမှာမူ စေတီတော်မြတ်ကြီး၏ ပရဝဏ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်မှုများနှင့် ဒုစရိုက်လုပ်ငန်း အချို့ကို စတင်လုပ်ဆောင်နေပြီဟု တိုင်စာများ၊ ရဟန်းရှင်လူပြည်သူအချို့၏ ကိုယ်တိုင်တိုင်ကြားချက်များအရ သိရှိရသည်ဟုလည်း ဝန်ကြီးက ဆက်လက် ပြောဆိုသည်။
အဆိုပါ အခြေအနေများအပေါ် ဝန်ကြီး သူရဦးအောင်ကိုက “ဒါတွေအားလုံးက ခြုံကြည့်လိုက်လို့ရှိရင် လက်ရှိ ကျိုက်ထီးရိုးဂေါပကအဖွဲ့ရဲ့ အားနည်းချက်လို ဖြစ်ပါတယ်” ဟု မှတ်ချက်ပြုသည်။

ကျိုက်ထီးရိုးစေတီတော်ဆိုင်ရာ လုပ်ငန်းညှိနှိုုင်းအစည်းအဝေးသို့ သူရဦးအောင်ကို အပါအဝင် ဟိုတယ်နှင့် ခရီး သွား လာရေးဝန်ကြီးဖြစ်သူ ဦးအုန်းမောင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး၊ ကျိုက်ထီးရိုးစေတီ တော်ဂေါ ပကအဖွဲ့ ဥက္ကဌနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက် လာကြသည်ကို တွေ့ရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ ဦးမင်းမင်းဦးကမူ “စိတ်မပူပါနဲ့၊ ဒီတောင်နဲ့ပတ်သက်ပြီး အလုံးစုံ ကျွန်တော်တာ ဝန်ယူပါတယ်” ဟု ဆိုသည်။
ကျိုက်ထီးရိုးစေတီတော်သို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဦးအုန်းမောင်က ပြီးခဲ့သည့်လအတွင်း ညအိပ် ခရီးစဉ်သွားရောက်စဉ် တည်းခိုခန်း/ဟိုတယ်များအား စစ်ဆေးခဲ့ရာတွင် ရိုးရိုးလေး အမည်ရှိ ကုမ္ပဏီမှ ကျိုက်ထီးရိုး တောင်ပေါ်တွင် ဟိုတယ်/တည်းခိုခန်း အခန်းပေါင်း ၁၃၅ခန်းဆောက်လုပ်ခွင့် ပါမစ်ရရှိထား သော် လည်း ခွင့်ပြုချက်ထက် ၁၀၆ခန်း ပိုနေသည်လည်း အစည်းအဝေးတွင် ဆွေးနွေးခဲ့သေးသည်။
အဆိုပါ ရိုးရိုးလေး ကုမ္ပဏီမှ ခွင့်ပြုချက်မဲ ဆောက်လုပ်ထားသော အခန်းပေါင်း ၁၀၆ခန်းအား တစ်လအတွင်း ဖျက်သိမ်းပေးရန် ညှိနှိုင်းအစည်းအဝေးက ဆုံးဖြတ်ထားသည်။

ကျိုက်ထီးရိုးစေတီတော် ဂေါပကဥက္ကဌ၏ ပြောကြားချက်အရ စေတီတော်သို့ နိုင်ငံခြားဧည့်သည်များအဖြစ် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ အများဆုံးလာရောက်ကြပြီး လက်ရှိတွင် အလှူငွေအားဖြင့် ကျပ်ငွေ ၁ဒဿ ၅ဘီလီယံ(ကျပ်သန်းတစ်ထာင်လျှင့် တစ်ဘီလီယံ)ရရှိထားသည်ဟု သိရသည်။

Leave a Reply