Advertisements

မော်လမြိုင်၊ စက်တင်ဘာလ ၂၅

မွန်ပြည်နယ်တွင် အသစ် ဖွဲ့စည်းထားပြီးဖြစ်သည့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီးဌာနတွင် ရည်ရွယ်ချက်၊ရည်မှန်းချက်နှင့် မူဝါဒများကိုပြည်ထောင်စုမှ ပေးပို့ထားရှိခြင်း မရှိသေးကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး ဦးထွန်းမင်းအောင်က ပြောကြားသည်။

စက်တင်ဘာလ ၂၅ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၁၄ကြိမ် မြောက်ပုံမှန် အစည်းအဝေး စတုတ္တနေ့တွင် ပေါင်မြို့နယ်မဲဆန္ဒနယ်အမှတ်၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး၏ ဌာန၏လုပ်ငန်းများကို သိရှိလိုသောမေးခွန်းနှင့်ပတ်သက်ပြီး ဖြေကြားရာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

Advertisements
data-language="en"

“ ပြည်ထောင်စုကနေ တနိုင်ငံလုံးကိုဖွဲ့တယ် တချို့ကိုဆိုရင် ဖွဲတောင် မဖွဲရသေးဘူး ဌာနက ဘယ်လိုလုပ် ဆောင်ရမယ်ဆိုတာ ပြည်ထောင်စုက ညွှန်ကြားရအုံးမယ် ကျွန်တော်သဘောနဲ့ ဖြေဆိုလို့ မရဘူး ပြည်ထောင်စုက ဌာနရဲ့ ရည်မှန်းချက်ကို ပေးပို့လာရင်တော့ ကျွန်တော်လွှတ်တော်ကို စာနဲ့ ပြန်လည်ပေး ပို့ပါမယ်” ဟု ဦးထွန်းမင်းအောင်က ဆိုသည်။

ယင်းအပြင် လုပ်ဆောင် ဝန်ကြီးဌာန၏ ရည်ရွယ်ချက်နှင့်ရည်မှန်းချက်ကို မေးမြန်းရတွင်လည်း ပြည်နယ်အစိုးရအဖွဲ့၏ နည်းဥပဒေ ၁၀၄အရ ညှိနေသဖြင့် ဖြေဆိုလို့ မရကြောင်းသာ ပြောဆိုခဲ့သည်။

လက်ရှိတွင် မွန်ပြည်နယ်၌ ဆောက်လုပ်ရေးကုမ္ပဏီများသည် ဧရာဝတီ အညာဒေသရှိအလုပ်သမားများကိုသာ ခေါ်ယူနေသည့်အတွက် ကျွမ်းကျင်အလုပ်သမားများမွေးထုတ်နိုင်ရေးအတွက် မေးခွန်းမေးမြန်းရခြင်းဖြစ် ကြောင်း ဟု ပေါင်မြို့နယ်မဲဆန္ဒနယ်အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ဆိုသည်။

“ဘာလုပ်မလဲ လျှပ်စစ်ကျွမ်းကျင်လုပ်သား ပန်းရံကျွမ်းကျင်လုပ်သား ရေပိုက်ဆက်ကျွမ်းကျင်လုပ်သား အိမ်တွင်းမှု ဒေသဖွံ့ဖြိုးရေးက အရေးကြီးပြီး ဒါတွေကျွမ်းကျင်လာမှ ဒေသက ဖွံ့ဖြိုးလာမှဖြစ်ပါတယ် ဒါမှ ကို့ဒေသကပိုက်ဆံကို ကိုတွေ ပြန်သုံးစွဲနိုင်မှာဖြစ်ပါတယ် ခုက ကို့ဒေသက ပိုက်ဆံတွေကို တခြားဒေသမှာ သုံးနေတာ တွေ့ရတယ်” ဟု ဦးဇော်ဇော်ထူးက ဆိုသည်။

ယင်းအပြင် ပြည်ထောင်စုတွင် ဝန်ကြီးဌာနများ ဖွဲ့စည်းရာတွင် ရည်ရွယ်ချက်၊ရည်မှန်းချက်နှင့် မူဝါဒများမရှိလျှင် ဖွဲ့စည်းလို့ မရကြောင်းနှင့် ဝန်ကြီးအနေဖြင့် ပြည်ထောင်စုမှ စာမရောက်ရှိသောကြောင့် ဖြေဆိုခြင်းမရကြောင်းမှာ ၎င်းအနေဖြင့် လက်ခံလို့မရကြောင်းလည်း ဦးဇော်ဇော်ထူးက ဆိုသည်။

မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ဒေါ်တင်အိက ပြည်နယ်အစိုးရအဖွဲ့၏ နည်းဥပဒေ ၁၀၄အရ ဌာန၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များကို ပြောဆိုခွင့်ရှိကြောင်း လွှတ်တော်အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

မွန်ပြည်နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနကို ၂၀၁၉ခုနှစ် ဇူလှိုင်လမှာ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဦးထွန်းမင်းအောင်ကို ခန့်အပ်ထားခြင်းလဲဖြစ်သည်။

ရန်လင်းအောင်

Leave a Reply