Advertisements

မော်လမြိုင် နိုဝင်ဘာ

မွန်ပြည်နယ်တွင်ယခုနှစ် အောက်တိုဘာလကုန်အထိ ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီမှ ခွင့်ပြုပေးခဲ့သော လုပ်ငန်းများတွင် ရာဘာအခြေခံ ကုန်ချောထုတ်လုပ်ခြင်းလုပ်ငန်း အများဆုံးဖြစ်ကြောင်း မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှု ၆ခုတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၂ခု နှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ၄ခု ပါရှိကြောင်း ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေမှူး ဦးမင်းသိန်းဦးက ပြောကြားသည်။

“ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီကတော့ အမေရိကန်ဒေါ်လာ ၅သန်းအထိ လုပ်ငန်းတွေကို အတည်ပြု လုပ်ခွင့်ပေးတယ်၊ အခုချိန်ထိတော့ စာရင်းမှာပါတဲ့အတိုင်းပဲ၊ အောက်တိုဘာထိ ၆ခု ခွင့်ပြုပေးထားတယ်”ဟု ၎င်းက ပြောသည်။

ဗီယက်နမ်နိုင်ငံ၊ Bao Hang Myanmar Furniture Co.Ltd မှ ရော်ဘာသစ်ခွဲသား ထုတ်လုပ်ပြီး ရာနှုန်းပြည် ပြည်ပတင်ပို့ရောင်းချခြင်းလုပ်ငန်း နှင့် တရုတ်နိုင်ငံ၊ Hao Yuan Co.,Ltd မှ ရော်ဘာသစ် ထုတ်လုပ်ပြီး ရာနှုန်းပြည် ပြည်ပသို့ တင်ပို့ခြင်းလုပ်ငန်းကို လုပ်ကိုင်နေကြောင်း ဆက်လက်ပြောသည်။

မြန်မာနိုင်ငံသား ကုမ္ပဏီများဖြစ်သည့် Neo-more Myanmar Co.,Ltd မှ အပန်းဖြေစခန်းနှင့် ကလေးကစားကွင်း တည်ဆောက်ခြင်း Jewellery Lucky Production Co.,Ltd မှ ရော်ဘာသစ်အခြေခံ အထပ်သား ထုတ်လုပ်ခြင်း၊ Mon- Muppalin Quarries Co.,Ltd မှ လမ်းခင်းကျောက်နှင့် ချီပင်ကျောက် ထုတ်လုပ်ခြင်း၊ Myanmar Hua Qiang Wood Co.,Ltd မှ ရော်ဘာသစ် အသုံးပြု၍ အထပ်သားလွှာနှင့် အချောသပ် အထပ်သား ထုတ်လုပ်ခြင်း လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်ဟု ၎င်းက ပြောသည်။

ယင်းလုပ်ငန်းများ အနက် နိုင်ငံခြား ကုမ္ပဏီ နှစ်ခု၏ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးမှာ ကန်ဒေါ်လာ ၂ ဒသမ ၆၅ သန်းဖြစ်ပြီး၊ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ လေး ခုမှာ ကျပ်သန်းပေါင်း ၁၅၀၀၀ ကျော်အထိ ရှိနေကြောင်း၎င်းက ပြောဆိုသည်။

ပြည်နယ်အတွင်း ဖွံ့ဖြိုးမှုအားနည်းနေသော မြို့နယ်များ၌ ရင်းနှီးမြှုပ်နှံမှု တိုးတက်လာစေရန်အတွက် ဖိတ်ခေါ်မှု၊ ဖြေလျော့မှုများ လုပ်ဆောင်ပေးသင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးမိုးကျော်က အကြံပြု ပြောကြားသည်။

“ရင်းနှီးမြှုုပ်နှံမှုတွေက ကျွန်တော်တို့ဆီလာကြတယ်၊ ဒါပေမယ့် လျှပ်စစ်မီးမရတာ၊ ရေမရစသည့်ဖြင့် လိုအပ်ချက်တွေရှိနေတော့ တိုးတက်မလာဘူးဖြစ်နေတယ်၊ ရေးမြို့နယ်တို့လိုနေရာမှာဆို လျှပ်စစ်မီး အခက်အခဲရှိနေတယ်လေ”ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီမှ ခွင့်ပြုပေးလိုက်သော လုပ်ငန်းများသည် မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်ထို နှင့် ဘီးလင်းမြို့နယ်များတွင်သာ အဓိက လုပ်ကိုင်နေကြကြောင်း ပြည်နယ်ရင်းနှီးမြှုုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန စာရင်းများအရ သိရသည်။

ထိုက်ထိုက်

Leave a Reply