Advertisements

ဆုံးရှုံးနစ်နာမှုရှိနေသော အခွန်ဝင်ငွေများ၊ မွေးမြူနေလျက်ဈေးကွက်မလုံခြုံမှု၊ ဥပဒေစိုးမိုးမှုဆိုင်ရာ ပြဿနာများကြောင့် ခြိမ်းခြောက်ခံနေရသည့် မွန်ပြည်နယ်စီးပွားဖွံ့ဖြိုးမှုနှင့် ထုတ်ကုန်စွမ်းအားတို့အပေါ် ပြည်နယ်အစိုးရက မည်သို့စီမံနေပါသနည်း။ မူဝါဒက မည်သို့ရှိပါသနည်း 

အသားကဏ္ဍ ယိုပေါက် အထွေထွေ

မြန်မာနိုင်ငံကို ထိုင်းနိုင်ငံမှ ကြက်နှင့် ဝက်များ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် နေ့စဉ် ဝင်ရောက်မှု ရှိနေ၍ ပြည်တွင်း မွေးမြုရေး လုပ်ငန်းရှင် အများစု အရှုံးှနှင့် ရင်ဆိုင်နေရကြောင်း ငြီးတွားနေကြ၏။

ဘယ်လိုတွေ ဝင်နေတာလဲ

မွန်ပြည်နယ်မွေးမြူရေးလုပ်ငန်းရှင်များအသင်း၏စာရင်းများအရ မြန်မာနိုင်ငံကို ထိုင်းမှ တရားမဝင် ဝက် တင်သွင်းမှုကို ၂၀၁၆ ခုနှစ်မှ စတင်ခဲ့သည်ဟု ဆိုနိုင်သည်။ တရားမဝင် ကြက် တင်သွင်းမှုမှာ ဆယ်စုနှစ် တစ်ခု နီးပါး ရှိခဲ့ပြီ။

ထိုသို့ တရားမဝင် တင်သွင်းရာတွင် စီးပွားရေး လုပ်ငန်းရှင်များက လက်နက်ကိုင် အဖွဲ့အစည်းများအမည်ခံ၍ ကြိုးပမ်းနေ ကြကြောင်း မြဝတီခရိုင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ခိုင်စိုးဝင်းက ထုတ်ပြော၏။

“အဲဒါက အမှန်တကယ် အဖွဲ့အစည်းမှာ မရှိဘဲ သူတို့ ကိုယ်ကျိုးအတွက် အဖွဲ့အစည်း အမည်ခံပြီး သွားကြတာ ဖြစ်တယ်”ဟု ၎င်းကဆိုသည်။

ကရင်ပြည်နယ် မွေးမြူရေး လုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဦးဇော်ကိုလတ်ကလည်း “မှောင်ခိုကတော့ သွားနေတာပဲ နယ်စပ်မှာက သိပ်ပြီး ထိန်းချုပ်ဖို့ မလွယ်ဘူး၊ မွေးကု ဌာနကလည်း တားချင်သလို တားလို့ မရဘူး၊ ခေါင်းစဉ် အမျိုးမျိုး ရှိတော့ အမှန်အကန် လမ်းကြောင်းပေါ် လျှောက်လို့ မရဘူး”ဟုပြော၏။

ဟင်္သာ၏ စုံစမ်းမှုများအရ မွန်ပြည်နယ်သို့ ဝင်ရောက်လာသော လမ်းကြောင်းများမှာ မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ကမ်နီးလမ်းမှ တစ်ဆင့် တောင်ရှေ့ကြာအင်းဆိပ်ကြီး၊ ထိုမှတစ်ဆင့် မုဒုံလမ်း ပတ်၍ ဝင်ရောက်လျက်ရှိပြီး ကျိုက်မရော၊ ဘုရားသုံးဆူမှ လည်းဝင်ရောက်မှုရှိကြောင်းသိရသည်။

မွန်ပြည်နယ် မွေးမြူရေး လုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဦးညိုမင်း၏ ပြောဆိုချက်အရ တရားဝင်သယ်ဆောင်မှု အချို့သည် မော်လမြိုင်မှတစ်ဆင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အထိပင်ရောက်ရှိနေပြီး ကြက်၊ ဝက် အကောင်လိုက် အပြင် အေးခဲသား၊ အေးခဲ အသဲအမြစ်များပါ ဝင်ကြောင်းသိရသည်။

တရားဝင် -မဝင် ဘယ်လို ခွဲမလဲ

ကြက်၊ ဝက် သယ်ဆောင်မှုကို တရားဝင်ချမှတ်ထားသောမူဝါဒများအရ ကုမ္ပဏီအနေဖြင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ၏ ခွင့်ပြုချက် ပါရှိရမည်ဖြစ်သည်။ ထို့အပြင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက ထောက်ခံချက်လည်း ပါရှိရမည် ဖြစ်သည်။

ထိုသို့ တင်သွင်းရာတွင် သယ်ဆောင်မည့် နေရာ၊ ဝယ်ယူမည့် နေရာ၊ လုပ်ငန်း လိုင်စင်၊ တင်သွင်းမည့် အကောင် အရေအတွက် ကာလသက်တမ်း အပိုင်းအခြား နှင့် မွေးကု၏ ကျန်းမာရေး ထောက်ခံချက် ရရှိမှ တင်သွင်းခွင့် ရမည်ဖြစ်သည်။

နိုင်ငံရပ်ခြားမှ တရားဝင် တင်သွင်းခွင့်မှာ ကြက်သားပေါက်ကလေးများကိုသာ တင်သွင်းခွင့် ရှိသည်။ စားသုံးရန် အရွယ် ရောက်သော မည်သည့် ကြက်ကိုမှ တင်သွင်းခွင့် မပေးထားပေ။

ထို့အတူဝက်ကိုလည်း ၅ ကီလိုမှ ၂၀ ကီလို အထိ ရှိသော ဝက်သားပေါက်ကလေးများနှင့် မျိုးဝက်များကိုသာ မွေးမြူရန် တင်သွင်းခွင့်ပေးထားသည်ဟု မွန်ပြည်နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ အောင်သန်းဝင်းနှင့် မြဝတီခရိုင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ခိုင်စိုးဝင်းတို့က အတည်ပြုပြောဆိုထားသည်။

မြဝတီခရိုင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန စာရင်းအရ ယခုနှစ် ဧပြီလမှ ဇွန်အထိ သုံးလအတွင်း ၇ ကီလိုမှ၂၀ ကီလိုအထိ ရှိသော ဝက်သားပေါက် အကောင် ၃၉၀၀၀ တင်သွင်း ခွင့်ပြုထားသည့်အပြင် မျိုးဝက် အကောင် ၇၅ ကောင်၊ ကြက်သားပေါက် ၅၉၀၀၀ ကျော်ကိုသာ တင်သွင်းခွင့်ပေးထားသည်ဟု ယင်းဌာန မှတ်တမ်းများအရ သိရသည်။

ထိုသို့ တင်သွင်းလာသော ကြက်နှင့် ဝက်သားပေါက်များကို မြဝတီရှိ သင်္ဃန်းညီနောင် ဂိတ်တွင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ တာဝန်ကျ ဆရာဝန်များနှင့် ပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိသည်ဟု ဒေါက်တာ ခိုင်စိုးဝင်းက ဆိုသည်။

စစ်ဆေးရာတွင် တင်သွင်းမည့် ဝက်ပေါက်ကလေးများကို သွေး နမူနာ ယူ၍ ရန်ကုန် မွေးကု ဌာနချုပ်သို့ ပေးပို့ပြီး စစ်ဆေးကာ ထိုမှ ဆေးစစ်ချက် အောင်မြင်မှ ခွင့်ပြုပေးလျက်ရှိသည်။ ကြက်သားပေါက်ကိုမူ ကြက်ငှက် တုပ်ကွေး တိုင်းသည့် စက်ကိရိယာဖြင့် စစ်ဆေးပြီးမှ စေလွှတ်သည်ဟု ဆိုသည်။

ပကတိအခြေအနေ

ထိုသို့သော မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများချမှတ်ထားသော်လည်း ထိုင်းနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသော စားသုံးရန် အရွယ်အစားရှိ ဝက်၊ ကြက်အရှင်များအပြင် အေးခဲအသားများက မွန်ပြည်နယ်အတွင်းဒုနှင့်ဒေးဟု မွေးမြူရေးလုပ်ငန်းရှင် များက ပြောကြသည်။

မွန်ပြည်နယ် မွေးမြူရေး လုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဦးညိုမင်းက“တရားမဝင်သွားတာဖြစ်တဲ့အတွက် ပြည်နယ်ရဲ့ ဈေးကွက်ကို ထိခိုက်သလို ကျန်းမာရေးစစ်ဆေးတာတွေ မရှိတော့ ကျွန်တော်တို့ တိုင်းပြည်အတွက် အင်မတန်ကို အန္တရာယ်များပါတယ်”ဟု ဆိုသည်။

ထိုဝက်သားများသည် ကျန်းမာရေး စစ်ဆေးမှု မရှိသောကြောင့် ရောဂါဖြစ်ပွားမှုနှင့် ကူးစက်မှုအတွက် အန္တရာယ်ရှိနေသော အခြေအနေတွင် ရှိနေသည်ဟု ၎င်းက ပြောသည်။

မော်လမြိုင်မြို့မှ ဝက်၊ကြက်မွေးမြူရေးလုပ်ငန်းရှင် ဦးညိုမင်း၏ ပြောဆိုချက်အရ ကားနံပါတ်အတိအကျဖြင့် သက်ဆိုင်ရာ မြို့နယ် ထွေအုပ်၊ စည်ပင်၊ မွေးကုတို့ကို ဓာတ်ပုံ၊ တိုင်ကြားစာနှင့်တကွ တိုင်ကြားသော်လည်း တာဝန်ယူ ဖြေရှင်းမှု အားနည်းနေသေးကြောင်းသိရ၏။

“ဥပဒေကိုချိုးဖောက်တဲ့နေရာမှာ တရားမဝင်ကြက်အရှင်တွေကို သွင်းတာ၊ တရားမဝင်လိုင်စင်မရှိတဲ့ ကားတွေကို သုံးတာရော။ ဒါကို ဘာကြောင့် သက်ဆိုင်ရာဌာနဆိုင်ရာတွေ၊ ကိုယ့်ကိုယ်ကိုယ်တာဝန်ရှိတယ်လို့ယူဆတဲ့သူတွေက ဘာလို့ မတားဆီးတာလဲ။ သူတို့ရှေ့ကပဲ ဖြတ်နေတာလေ။ ဒါတွေက မေးခွန်းတွေ အများကြီးမေးစရာဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။

ဈေးကွက်အခြေအနေ

ထိုင်းနိုင်ငံမှ ဝင်ရောက်လာသော အေးခဲဝက်သား တစ်ပိဿာလျှင် ၃,၅ဝဝ မှ ၄၅၀၀ အထိသာရှိပြီး၊ ပြည်တွင်း ဝက်သားမှာ တစ်ပိဿာလျှင် ကျပ် ၈၀၀၀ မှ ၉၀၀၀ အထိ ပေါက်ဈေးရှိနေသည်။

အေးခဲ ကြက်သားနှင့် ကြက်သဲမြစ် ဝင်ရောက်၍ စားသုံးနေမှု အခြေအနေကို မော်လမြိုင် မောင်ငံဈေးမှ ကြက်သားရောင်းသူ ဒေါ်အေးအေးမော်က အခုလို မှတ်ချက်ပြုသည်။

“ထိုင်းကလာတဲ့ အသဲအမြစ်ကျတော့ ဟိုကနေအပြီးရေခဲတွေနဲ့ ထည့်ပေးတာ အိမ်ထိလည်းရောက်အောင် လာပို့ပေးတယ်။ အဲကဟာတွေကျတော့ ရေခဲပြန်ရိုက်ပြီး ထားထားလို့ရတယ်။ အထားခံတာပေါ့”ဟု ဆိုသည်။

အေးခဲ ကြက်အသဲမြစ်များမှာ တစ်ပိဿာလျှင် ကျပ် ၄၀၀၀ ခန့်သာ ရှိသဖြင့် လူကြိုက်များပြီး ဝယ်ယူ စားသုံးမှု များနေသည်။

အဆိုပါ အေးခဲသားများမှာ ရောင်းချရန်အတွက် ဆိုင်အထိ လာရောက်ပို့ဆောင်ပေးမှုလည်း ရှိနေသည့်အပြင် ပိုက်ဆံမှာလည်း ချက်ချင်းရှင်းရန်မလိုသဖြင့် အဆင်ပြေသည်ဟု ဒေါ်အေးအေးမော်က ဆိုသည်။

အေးခဲ ကြက်သားနှင့် ကြက်အသဲမြစ်များအတွက် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက စစ်ဆေးမှု မရှိသည့်အပြင် မည်သည့် ဌာနဆိုင်ရာမှ တာဝန်ယူ ဆောင်ရွက်ခြင်း မရှိကြောင်း ဦးညိုမင်းက ပြောဆိုသည်။

ထိုအခြေအနေကို မွန်ပြည်နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ အောင်သန်းဝင်းက အခုလို ပြော၏။

“ကျွန်တော်တို့ဝန်ထမ်းတွေက ပြည်နယ်တစ်ခုလုံးမှာမှ ၆၇ ယောက်ပဲရှိတယ် တစ်မြို့နယ်မှာဆို ဒုဦးစီးတစ်ယောက် ဒီလောက်ရှိတာ ဒီဌာနရဲ့လုပ်ငန်း ကာကွယ်ဆေးထိုးတာ၊ ကျန်းမာရေးစောင့်ရှောက်တာ ဒါတွေ လုပ်နေတာတွေကို တရားမဝင်တင်သွင်းတာ အရင်တစ်ခါ ဖမ်းမိတာရှိတယ်လေ သတင်းရမှ ဖမ်းလို့ရတာ ဂိတ်မှာစောင့်ဖို့ကလည်း မလွယ်ဘူး”ဟူ၍။

မလုံလောက်၍ မဟုတ်

ထိုသို့ ဈေးကွက်ဝေစုခွဲဝေပေးနေရသည့်အခြေအနေမှာ ပြည်နယ်အတွင်းထုတ်လုပ်မှုမလုံလောက်၍ မဟုတ်ဟု ကရင်နှင့် မွန်ပြည်နယ် မွေးမြူရေး လုပ်ငန်းရှင် အသင်းမှ အတွင်းရေးမှူး နှစ် ဦးဖြစ်သော ဦးညိုမင်းနှင့် ဦးဇော်ကိုလတ်တို့က ပြောကြသည်။ ၎င်းတို့အဆိုအရ ပြည်နယ်အတွင်း ထွက်ရှိသော ကြက်နှင့် ဝက်သားများသည် လုံလောက်မှု ရှိနေသည့်အပြင် တခြား ပြည်နယ်များကိုပါ ပို့ဆောင်ပေးနိုင်သည်ဟူ၏။

၂၀၁၄ သန်းခေါင်စာရင်းအရလူဦးရေ ၂သန်းကျော်ရှိသည့် မွန်ပြည်နယ်အတွင်း ကျွဲကောင်ရေ ၁၄၀၀၀ ၊ နွား တစ်သိန်း၊ ဆိတ် ၅၀၀၀၀၊ ကြက် ၁၄ သိန်း၊ ဘဲ နှစ် သိန်းခွဲ၊ ကြက်ဆင်ဘဲငန်း ၂၅၀၀၀ မွေးမြူထားသည်ဟုသိရသည်။

ယှဉ်ကိုမယှဉ်နိုင်

မွေးမြူထုတ်လုပ်မှုအခြေအနေမှာ အထက်ပါအတိုင်းရှိနေသော်လည်း ထိုင်းနိုင်ငံမှတင်သွင်းသော ကြက်နှင့် ဝက်များသည် ပြည်တွင်းမွေးမြူမှုထက် အရည်အသွေးမှာသာလွန်နေသည်ကလည်း ဈေးကွက်မယှဉ်နိုင်ရသည့်အကြောင်းတစ်ရပ်ဟု ပြည်တွင်းလုပ်ငန်းရှင်တို့က ဝန်ခံ၏။

ထိုင်းနိုင်ငံမှ မွေးမြူသော ဝက်များကို ထုတ်လုပ်ပါက ပိဿာ ၁၀၀ လျှင် အသား ပိဿာ ၈၀ ၊ အဆီ ပိဿာ ၂၀ ထွက်ချိန်တွင် ပြည်တွင်း ဝက်များက အသား ပိဿာ ၆၀ ၊ အဆီ ပိဿာ ၄၀ ထွက်နေ၏။

ထို့ကြောင့် ဒိုင်များက အသားပို ထွက်သည့် ဝက်များကို ပိုမို ဝယ်ယူသုံးစွဲ၍ ရောင်းချလျက်ရှိနေသည့်အခြေအနေမှာလည်း လက်ငင်းကြုံတွေ့နေရသည့် စိန်ခေါ်မှုများထဲမှ တစ်ရပ်ပင်။

ဘာကြောင့် အခုလို ကွာခြားချက်များ ဖြစ်ပေါ်နေသနည်း။

မြဝတီခရိုင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ခိုင်စိုးဝင်းကတော့ ယခုလိုရှင်းပြ၏။

“ကျွန်တော်တို့ သူတို့က အဓိကတော့ နည်းပညာ ကွာတာပဲ ဖြစ်တယ်”ဟူ၍။

ထိုင်းနိုင်ငံက မွေးမြူရေး အောင်မြင်ရန်နှင့် ထုတ်လုပ်မှု ကောင်းမွန်ရေးအတွက် အာဟာရ ကျွေး၍ မွေးမြူရာတွင် အစာကျွေးမှုမှာလည်း အကောင် အရွယ်စားပေါ်မူတည်၍ ကျွေးမွေး လျက်ရှိပြီး ပြည်တွင်း၌မူ ထိုကဲ့သို့ လုပ်ဆောင်ခြင်း မရှိဟု ၎င်းကဆိုသည်။

ထိုသို့ မွေးမြူရာတွင်လည်း ကုမ္ပဏီများက အရင်းအနှီး အပြင် ခြံ၊ လူအင်အား၊ အစာနှင့် ဆေးများကိုလည်း လိုအပ်သလို ထောက်ပံ့၍ စီးပွားဖြစ် မွေးမြူလျက်ရှိကြောင်း ပြောဆိုသည်။ မြန်မာနိုင်ငံတွင်မူ တစ်နိုင်တစ်ပိုင် မွေးမြူရေးမျှသာ။

ယင်းအခြေအနေအပေါ်မော်လမြိုင်မှ ဝက်ဒိုင် ကိုမျိုးမင်းထွန်းက ယခုလို သုံးသပ်၏။

“ဒေသတွင်း မွေးမြုုသူတွေရဲ့ပစ္စည်းအရည်အသွေးကို အကောင်းဆုံးဖြစ်အောင် မွေးမြုုပေးဖို့လိုအပ်တယ် ဒေသတွင်းကသူတွေကို သက်ဆိုင်ရာအဖွဲ့အစည်းက လိုအပ်တဲ့ပံ့ပိုးမှုတွေအပြည့်အဝပေးဖို့လိုအပ်တယ် အဲ့လိုဆို ပြည်တွင်းက ဝက်တွေ ပစ္စည်းလည်းကောင်းမယ် ဈေးနှုန်းလည်းအထိုက်အသင့်ရှိလျှင် ပြင်ပက ဝင်လာစရာမရှိဘူး”ဟု ဖြစ်သည်။

အဆိုပါ အခြေအနေတွင် ထိုင်းနှင့် ဗီယက်နမ် နိုင်ငံမှ တင်သွင်းလာသော ဝက်အရှင်များနှင့် အေးခဲသားကို အစိုးရ ကတရားဝင် စာထုတ်၍ တားမြစ်ပေးရန် ဇူလိုင် ၁၃ ရက်၌ မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်က တောင်းဆိုထားသည်။

ထို့အပြင် အစိုးရကို ပြည်ပမှ ဝက်ကောင်အရှင် တင်သွင်းခွင့် မပြုရန်၊ ဝက်သားပေါက် တင်သွင်းခွင့် ယာယီဆိုင်းငံ့ပေးရန်၊ မျိုးဝက် တင်သွင်းခွင့်ပြုရန်၊ဝက်မွေးမြူရေးခြံများကို ကူညီအားပေးရန် စသည့် အချက်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနထံ တောင်းဆိုထား၏။

ဖမ်းဆီး အရေးယူမှု

အထက်ပါအခြေအနေအရပ်ရပ်များနှင့်စပ်လျဉ်း၍ အခွန်ငွေကဏ္ဍတွင်ပါဆုံးရှုံးမှုရှိနေသည့် မွန်ပြည်နယ်အစိုးရ၏ ဖမ်းဆီးအရေးယူများကို အနီးစပ်ဆုံးပြန်ကြည့်လျှင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင်မူ ထိုင်းနိုင်ငံမှ အထောက်အထားမဲ့ သယ်ဆောင်လာသော ဝက် အကောင်ရေ ၂၀၀၊ ယခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် တရားမဝင် ဝက်တင်ဆောင်လာသည့် မော်တော်ယာဉ် ၁၁ စီးမှ ဝက် အကောင်ရေ ၃၅၀၊ ဖေဖော်ဝါရီ ၆ ရက်၌ ကြက် အကောင်ရေ ၆၀၀၀ နီးပါး ဖမ်းဆီးခဲ့ကြောင်းတွေ့ရ၏။

သို့သော် တရားမဝင် ဖြတ်သန်းသွားနေသည့် ယာဉ်များမှာ နေ့စဉ်နှင့် အမျှ ရှိနေဆဲဟု ဦးညိုမင်းက ပြောသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကတော့ ယခုလိုဆိုပါသည်။

“တရားမဝင် တင်သွင်းလာတဲ့ ဝက်တွေ ကြက်တွေကို ကျွန်တော် ဖမ်းပါတယ်၊ တော်တော်များများ ဖမ်းပြီး အကုန်ထောင်ချ ပစ်တယ်၊ ကားတွေပါ သိမ်းလိုက်တယ်၊ ကြက်တွေလည်း ဒီလိုပဲ၊ ဒီတော့ ဒီဟာတွေကို ကိုယ့်ဆီက လူတွေက မွေးမြူရမှာ ဖြစ်ပါတယ်၊ ဘာကြောင့် သူတို့မှာ ဈေးပေါတာလဲဆို သူတို့ဆီက နည်းပညာတွေက ကိုယ်တွေ ထက်ပိုကောင်းတယ်၊ ဒါအမှန်တိုင်း လက်ခံရမယ်”ဟူ၍။

သို့သော် အထက်ဖော်ပြပါ အရေးယူမှုမှတ်တမ်းများ၌ တရားမဝင်သယ်ဆောင်လာသည့် ယာဉ်မောင်းနှင့် ဆက်စပ်လူပုဂ္ဂိုလ် အချို့သာ အရေးယူခံထားရကြောင်းတွေ့ရပြီး တင်သွင်းသူတစ်ဦးတစ်ယောက်မျှပါဝင်ခြင်းမရှိပေ။

မည်သို့ ထိန်းချုပ်မည်နည်း

ထိုမေးခွန်းကို မွေးမြူရေး လုပ်ငန်းရှင် အများစုက မွန်ပြည်နယ်အစိုးရကို မေးမြန်းနေလိုခြင်းဖြစ်ပြီး ယခု အခြေအနေကို အမြန်ဆုံး ထိန်းချုပ်ပေးရန် ဆန္ဒ ရှိနေကြ၏။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကမူ မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်နှင့် တရားမဝင် ဝင်ရောက်မှုကို ထိန်းချုပ်ရန် ကြိုးစားနေဆဲ ဖြစ်သည်ဟု ဟင်္သာသို့ပြောထား၏။

မြဝတီခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ခိုင်စိုးဝင်းကတော့ သက်ဆိုင်ရာ ဌာန အားလုံး ပူးပေါင်းဆောင်ရွက်ပါမှ ထိန်းချုပ်နိုင်မည်ဟု မှတ်ချက်ပေး၏။

ဥပဒေပြုရေးအာဏာပိုင် မွန်ပြည်နယ် လွှတ်တော်မှ ဥပဒေ ပြုရေး ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့ကလည်း ယခုလိုတော့ မှတ်ချက်ပြုထားပါသည်။

“အစိုးရအနေနဲ့ ပေါ်လစီ တစ်ခု သေသေချာချာ ချမှတ်ပြီးတော့မှ ကိုင်တွယ်ဖို့ လိုပါတယ်”ဟူ၍ဖြစ်၏။

အာဏာပိုင်တို့၏ ထိုသို့သောကိုင်တွယ်ရန်နှောင့်နှေးမှုများနှင့် ပတ်သက်၍ မော်လမြိုင်မြို့မှ ဝက်၊ကြက်မွေးမြူရေးလုပ်ငန်းရှင် ဦးဇင်မင်း မှတ်ချက်ကတော့ ယခုလိုဖြစ်ပါသည်။

“သူတို့နိုင်ငံက မသုံးတော့တဲ့ဟာတွေ ကျွန်တော်တို့နိုင်ငံကို အလွယ်တကူဝင်လို့ရတယ်ဆိုတာ သူတို့ကသိနေတယ်လေ၊ စည်းမဲ့ကမ်းမဲ့ကို တောက်လျှောက်ဝင်နေတာ၊ ဈေးကွက်လုရုံတင်မကဘူး၊ မွေးထားတဲ့ဝက်တွေ ရောဂါကူးမှာစိုးနေရတော့ မိအေးနှစ်ခါနာဖြစ်နေတယ်”ဟူ၍။

written by ထိုက်ထိုက်၊ ဂေထော

Advertisements
<

Leave a Reply