မော်လမြိုင်-မုဒုံကားလမ်းတွင် စိတ်ကြွရူးသွပ်ဆေးပြား အပြား ၄၈၀၀ ကျော် တင်ဆောင်လာသည့် မီနီဘတ်စ် ဟံသာစတား ခရီးသည်တင် မှန်လုံယာဉ်ကို မေလ ၁၀ ရက်နေ့က ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား တစ်ပြားလျှင် ငွေ ၅၀၀ ကျပ်ဖြင့် လက်ကားဝယ်၍ စိတ်ကြွရူးသွပ် ဆေးပြား တစ်ပြားလျှင် ၅၀၀၀ ကျပ်ဖြင့် လက်လီရောင်းချသည့် ဈေးကွက်သည် ငွေတစ်သိန်းရင်ပါက အမြတ်ငွေ ကိုးသိန်းရသော အဆမတန် အမြတ်ကြီးရသည့် စီးပွားရေးကြီး ဖြစ်နေခြင်းကြောင့်လည် အမြစ်ပြတ် တိုက်ဖြတ်ရန် မလွယ်သော ကိစ္စလည်း ဖြစ်နေလေသည်။

NLD အစိုးရတက်ပြီးနောက် မူးယစ်ဆေးဝါး သုံးစွဲသူများ ဆေးဖြတ်လိုပါက သက်ဆိုင်ရာ နယ်မြေရဲစခန်း (သို့မဟုတ်) မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးများထံ အကြောင်းကြား၍ ဆေးဖြတ်ပါက အရေးယူမှုများ မပြုလုပ်သည့် အပြင် အခမဲ့ ဆေးဖြတ်ပေးသည့် ဝန်ဆောင်မှုကို အစိုးရဘက်မှ ပြုလုပ်လာသည်ကိုလည်း တွေ့မြင်ရလေသည်။

ထို့ပြင် မူးယစ်ဆေးဝါး သုံးစွဲသူများကို ရဲတပ်ဖွဲ့က ဖမ်းဆီရမိပါက ယင်းမူးယစ်ဆေးဝါး သုံးစွဲသူကို ထောင်ဒဏ် ချမှတ်သည့် အပြစ်ဒဏ်အား ပယ်ဖြတ်၍ ဆေးဖြတ်ပေးသည့် မူဝါဒဖြင့် ထိန်းချုပ်သွားဖို့ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်လဲစေတက်သော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြန်လည် ပြင်ဆင်သွားဖို့လည်း လွှတ်တော်ပိုင်းက ကြိုးစားနေကြပြန်သည်။

ထိုသို့သော သုံးစွဲသူများကို ဥပဒေဖြင့် ဆေးဖြတ်ပေးရန် စီစဉ်နေသည့် မူဝါဒမှာ ကောင်းမွန်သော အချက် ဖြစ်ပေမယ့် ဖမ်းဆီးရေးအဖွဲ့သည် သမာသမတ်ကျရန် အထူးလိုအပ်မည့် အချက်လည်းဖြစ်ပေးသည်။ သို့မှသာ သုံးစွဲသူကို သုံးစွဲသည့် ပြစ်ဒဏ်၊ ရောင်းချသူကို ရောင်းချသည့် ပြစ်ဒဏ်ဖြစ်နိုင်ပေမည်။

မည်သို့ပင်ဆိုစေ မူးယစ်ဆေးဝါးသုံးစွဲမှု နည်းလာစေရန်နှင့် ရောင်းဝယ်ဖောက်ကားမှု နည်းလာစေရန်အတွက် တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရသည့် တာဝန်သည် အစိုးရ၏ တာဝန်ဖြစ်သော်လည်း ငွေအလွယ်ရသော မူးယစ်ဆေးဝါး စီးပွားရေးဖြင့် စီးပွားမရှာသော အသိတရားရှိသူ များလာရန်လည်း လိုအပ်နေပေသည်။

အယ်ဒီတာ (၁၂-၅-၂၀၁၇)

Leave a Reply