Advertisements

မွန်ပြည်နယ်တရားဥပဒေစိုးမိုးရေး ညှိနှိုင်းရေးအဖွဲ့၏ ပထမဆုံးအကြိမ် အစည်းအဝေးကို မေ ၂၁ ရက်က မော်လမြိုင်မြို့တွင်ပြုလုပ်သည်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဆိုင်ရာ ခေါင်းဆောင်အားလုံး တက်ရောက်၏။

ပွင့်လင်းစွာ ဆွေးနွေးကြသည်ကို ကြားသိရပြီး အဓိက ရင်ဆိုင်နေရသော စိန်ခေါ်ချက်တို့ကို တုတ်ထိုးအိုးပေါက် ပြောဆို ဆွေးနွေးသည်ဖြစ်၍ ချီးကျူးဂုဏ်ပြုပါသည်။

အနှစ်ချုပ်အားဖြင့် လတ်တလောပြုပြင်ရန်လိုအပ်သည်ဟု အာဏာပိုင်တို့ ကောက်ချက်ချကြသည့်အထဲတွင် တကယ်လက်တွေ့ကျသည်တို့ပါဝင်သည်ကို ဟင်္သာက သတိပြုမိ၏။

ပူးပေါင်းဆောင်ရွက်မှုမရှိခြင်း၊ ဥပဒေသိရှိမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုအားနည်းခြင်း၊ အဂတိလိုက်စားမှုများရှိနေခြင်း စသည့်အကြောင်းအရာတို့ကို ပယ်ပယ်နယ်နယ်ဆွေးနွေးကြသည်ဖြစ်၍ အနာဂတ်အတွက် အားတက်ဖွယ်ရှိကြောင်းပင်  သဘောပိုက်မိပါသည်။

သို့သော် ရင်ဆိုင်နေရသည့် အခက်အခဲဆိုင်ရာ ဆွေးနွေးချက်များသာ လွှမ်းမိုးနေပြီး ဖြေရှင်းရန်နည်းလမ်း ထွက်ရှိမှုနည်းပါးသည်ကို ဟင်္သာကသတိပြုမိ၏။

ထို့ပြင် တရားဥပဒေစိုးမိုးရေးအတွက် အချက်အချာ စိန်ခေါ်ချက်ဖြစ်သည့် အဂတိလိုက်စားမှုပပျောက်ရေး၊ ယင်း၌ အဓိကကျသော ဝန်ထမ်းတို့၏ စားဝတ်နေရေး သက်သာချောင်ချိမှု၊ ဘဝအာမခံချက်ရှိမှုတို့ ဖော်ဆောင်ရန် ကိစ္စများမပါဝင်သည်ကို လည်း ထောက်ပြလို၏။

တရားဥပဒေစိုးမိုးမှုဆိုသော ကဏ္ဍကြီးတစ်ရပ်လုံး အောင်မြင်ရန်နှင့် ယင်း၏ဖွားဖက်တော် အဂတိလိုက်စားမှုပ ပျောက်ရေး၌ ပြည်နယ်အစိုးရတစ်ရပ်နှင့် မပြီးသည်ကို ဟင်္သာကလက်ခံထားပါသည်။

သို့သော် အခြေခံဥပဒေအရ သီးခြားဆောင်ရွက်ခွင့်ရှိသော စီမံခန့်ခွဲရေးနည်းနာများဖြင့် ပြည်နယ်အစိုးရသည် ယင်းပြဿနာကို အထိုက်အလျောက်ဖြေရှင်းနိုင်စွမ်းရှိမည်ဟု ယုံကြည်ပါ၏။

နမူနာအားဖြင့် ပြည်နယ်တွင်းတာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတို့၏ သက်သာချောင်ချိရေးကို တတ်စွမ်းသရွှေ့ စီမံဆောင်ရွက်ပေးရန် ကြိုးပမ်းသင့်ပြီး အထိုက်အလျောက် ဖြည့်ဆည်းပေးနိုင်ချိန်တွင် အဂတိလိုက်စားမှုများကို လက်သင့်မခံသည့် ကိုယ်ပိုင်မူဝါဒမျိုးချမှတ်ကျင့်သုံးနိုင်ပါကြောင်း အကြံပြုလိုသည်။

အနှစ်ချုပ်၍ ညွှန်းဆိုလိုသည်မှာ မွန်ပြည်နယ် တရားဥပဒေစိုးမိုးရေးဆောင်ရွက်ရာ၌ အခြေခံအကျဆုံးနှင့် ဦးဆုံး စီမံသင့်သည်မှာ ဆွေးနွေးပွဲအတွင်း ထုတ်ဖော်ဆွေးနွေးခဲ့ကြသော အစည်းအဝေးပင်လူစုံအောင် မတက်ကြ သည့်ကိစ္စဖြစ်၏။

ယင်းကြောင့် “အဟုတ်ညီမှ အလုပ်ပီမည်” ဟုတိုက်တွန်းလိုရင်းပင်။

Written by အယ်ဒီတာ

Advertisements
<

Leave a Reply