အအေးလွန်ခြင်းပြဿနာ

ဆောင်းဦးမှာဆောင်းမပီသခဲ့သမျှ ဆောင်းလယ်အရောက်တွင် ဆောင်းသည်မခံချင်စိတ်နဲ့အတူ အေးစက်မှုများကိုခေါ်ဆောင်လာခဲ့သည်။ လာနီညာအအေးလှိုင်းဖြတ်သန်းမှုပါ ထန်းသီကြွေခိုက်ကျီးနားခိုက်နဲ့ဆုံတဲ့အခါတွင်မူ ဆောင်းသည်အပီအပြင်ကိုအေးမြလှတော့သည်။ မြူတွေဆိုင်းနေတော့သည်။ ထိုအေးမြမှုနှင့်အတူ တွဲပါလာသောအကျိုးရလဒ်သည်ကား အအေးလွန်ခြင်းပြဿနာများဖြစ်တော့သည်။

အအေးလွန်ခြင်းဆိုသည်မှာ ဆေးပညာတွင်အလွန်အရေးကြီးသောပြဿနာတစ်ရပ်ဖြစ်သည်။ မြန်မာ့ဆေးပညာစကားနှင့်ဆိုရသော် ကံစိတ်ဥတုအာဟာရဆိုသော သဘောတရားလေးပါးအကျိုးအကြောင်းဆီလျော်အောင်ပြုမူနေထိုင်မှုဖြစ်သည်။ အနောက်တိုင်းဆေးပညာတွင် ခန္ဓာကိုယ်အပူချိန်သည် အလွန်အရေးကြီးသည်။ ပုံမှန်လူတစ်ယောက်၏ ပုံမှန်အပူချိန်သည် ၃၆.၈ ဒီဂရီစင်တီဂရိတ် သို့မဟုတ် ၉၈.၆ဒီဂရီဖာရင်ဟိုက်ဖြစ်သည်။ ထို့ကြောင့် ပုံမှန်ထက်နည်းသော ၃၅ဒီဂရီစင်တီဂရိတ် သို့မဟုတ် ၉၅ဒီဂရီဖာရင်ဟိုက်သည်ကား အအေးလွန်ခြင်းဟုသတ်မှတ်သည်။ ပုံမှန်ထက်တစ်ဒီဂရီနှစ်ဒီဂရီအပြောင်းအလဲလေးတွင်မူ ခန္ဓာကိုယ်မှ ပူခြင်းအေးခြင်းကိုခံစားနေရလျှင် ထိုသို့အအေးလွန်ကဲခြင်းတွင်မူ များစွာပျက်စီးစေသည်။

လူသည် ပုံမှန်အားဖြင့်သွေးနွေးသတ္တဝါအမျိုးအစားဖြစ်သည်။ သို့သော်သဘာဝတရားကလွန်စွာဆန်းကြယ်လှသည်။ လိုက်လျောညီထွေအောင်ထိန်းညှိပေးသည်။ ဝင်ရိုးစွန်းဒေသများတွင်နေထိုင်ကြေသောအက်စကီးမိုးလူမျိုးများအတွက်မူ သဘာဝတရားအအေးဒဏ်ကိုခံနိုင်အောင် ပြုလုပ်ပေးသည်။ ထိုသူတို့သည်တစ်နှစ်ပတ်လုံးရေခဲကြားတွင်နေသော်လည်း မည်သို့မျှအကျိုးသက်ရောက်မှုမရှိချေ။ ဤအတိုင်းပင် သဘာဝတရားအရ ခန္ဓာကိုယ်၏ခုခံမှုပုံစံသည်လည်း ထိုသို့အအေးဒဏ်ပြဿနာကိုပြုပြင်ပေးသည်။

ယခု ကျွန်တော်နေထိုင်ရာမြို့၏အပူချိန်သည် ၁၇ဒီဂရီစင်တီဂရိတ်ဖြစ်သည်။ ရူပဗေဒသဘောတရားအရ အပူစီးကူးခြင်းကြောင့်ပုံမှန်ခန္ဓာကိုယ်အပူချိန်မှအပူချိန်တို့သည် ပတ်ဝန်းကျင်သို့စီးကူးသွားကြသည်။ ထို့အရာကိုလူသားတို့က အအေးဒဏ်ကိုခံစားရသည်။ ခန္ဓာကိုယ်၏အစိတ်အပိုင်းအဂါၤများနှင့် အာရုံခံစနစ်တို့သည် သတ်မှတ်ထားသောအပူချိန်အတိုင်းလုပ်ငန်းများလုပ်ဆောင်ကြသည်။ ထိုအခါ အအေးဒဏ်ကိုခံရသောအခါ ခန္ဓာကိုယ်၏ခုခံမှုစနစ်မှအပူဓာတ်ကိုတတ်နိုင်သမျှထုတ်လုပ်ပေးသည်။ ကိုယ်တွင်းရှိအဆီများကိုလောင်ကျွမ်းခြင်းမှထုတ်ပေးသည်။ ထိုကြောင့် ခန္ဓာကိုယ်ဝသောသူများသည် ပိန်သောသူများထက်အအေးဒဏ်ကိုပို၍ခံနိုင်ရည်ရှိသည်။

အအေးလွန်ကဲမှုသည်အရေးကြီးသောအခြေအနေဖြစ်သည်။ အနောက်နိုင်ငံများတွင် အအေးလွန်ကဲခြင်းကြောင့် နှစ်စဉ်သေဆုံးသူတစ်ထောင်ကျော်ရှိသည်ဟု ကိန်းဂဏန်းများအရသိရသည်။ အများဆုံးမှာ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ နာတာရှည်ရောဂါသည်များနှင့် အိမ်ခြေယာမဲ့များဖြစ်သည်။ ထို့ကြောင့် ဆောင်းဦးရာသီရောက်တိုင်းအနောက်နိုင်ငံများတွင် အအေးလွန်ကဲခြင်းဒဏ်မခံစားရအောင်ကြိုတင်ပြင်ဆင်ကြသည်။

အအေးလွန်ကဲခြင်း ဖြစ်စေသောအကြောင်းအရင်းများထဲမှအဓိကအကြောင်းအရင်းမှာ အချိန်မတော်ရေကူးခြင်း၊ ရေစိမ်ခြင်း၊ အလွန်အကျွံအရက်သေစာသောက်စားခြင်းကြောင့်ဟုအမေရိကန်အအေးလွန်ခြင်းဆေးပညာအဖွဲ့အစည်း American Hypothermia Heart Association အဖွဲ့မှထုတ်ပြန်သည်။ အေးခဲသောရေကန်၊ချောင်းများတွင်ရေစိမ်ခြင်း၊ရေချိုးခြင်းကြောင့် သေဆုံးမှုအများဆုံးဖြစ်သည်။

ထို့ကြောင့်အအေးလွန်ကဲခြင်းမဖြစ်ပွားစေရန်ကာကွယ်သင့်သည်။ ကာကွယ်ခြင်းသည်ထိရောက်သောကုသမှုဆိုသည့်အတိုင်း အအေးဒဏ်ခံနိုင်သောအဆောက်အဦများတွင်နေထိုင်ခြင်း၊ အနွေးထည်များကိုဝတ်ဆင်ခြင်းမျာပြုလုပ်သင့်သည်။အချိန်မတော်ရေချိုးရေကူးခြင်းများကိုရှောင်ကြဉ်သင့်သည်။ သက်ကြီးရွယ်အိုများ၊ကလေးသူငယ်များနှင့်နာတာရှည်ရောဂါသည်များရှိပါကအအေးလွန်ကဲခြင်းဒဏ်ဖြစ်ပွားမှုမဖြစ်စေရန်သေချာအောင်ပြုစုစောင့်ရှောက်သင့်သည်။ ပုရွက်ဆိတ်နှင့်နှံကောင်ပုံပြင်တွင်ပုရွက်ဆိတ်သည် ဆောင်းတွင်းအတွက်စားနပ်ရိက္ခာများကိုသေချာစုဆောင်းသကဲ့သို့ ကျွန်တော်တို့သည်လည်း ဆောင်းတွင်းအခါတွင် အအေးလွန်ကဲခြင်းဒဏ်မခံစားရလေအောင်သေချာပြင်ဆင်ထားသင့်သည်။ ။

Written by  ဒေါက်ဦး(မွန်)
Ref: wikipaedia.hypothermia, WHO.death from hypothermia related

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်