အာဏာရပါတီအား မဲပေးသူ မိန်းကလေးကို အတိုက်အခံပါတီဝင်က မုဒိန်းကျင့်

အမျိုးသမီးတစ်ဦးကို အုပ်စုလိုက် မုဒိန်းကျင့်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် အမျိုးသား ၁၀ဦးအား ဘင်္ဂလားဒေ့ရှ်ရဲက ဇန်နဝါရီ ၇ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

၎င်း ၁၀ဦးထဲတွင် လောလောလတ်လတ် မဲရှုံးထားသော အတိုက်အခံပါတီဝင်တစ်ဦးဖြစ်သူ ရူဟူး အာမင်း ပါဝင်ပြီး ယင်းက ဦးဆောင် မုဒိန်းကျင့်ခဲ့ခြင်းဟု ဆို၏။

ဒီဇင်ဘာ လကုန်ပိုင်းက ကျင်းပခဲ့သော ရွေးကောက်ပွဲ၌ လက်ရှိဝန်ကြီးချုပ် ရှလီကာ ဟစီနာ၏ ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီက Awami Leagueပါတီကို မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။

သို့သော်လည်း ရွေးကောက်ပွဲအတွင်း မဲမသမာမှုများရှိသည်ဟူသော သတင်းများ ထွက်ပေါ်လာခဲ့ပြီး အာဏာရပါတီနှင့်အတိုက်အခံပါတီကြား ပဋိပက္ခများဖြစ်ပွားကာ လူ၁၉ဦး သေဆုံးသည်အထိ ပြင်းထန်ခဲ့သည်။

ရွေးကောက်ပွဲညတွင် နော့ခလီရှိ ၎င်းတို့၏ အိမ်သို့ လူ၁၀ယောက်ခန့် ချဉ်းနင်းဝင်ရောက်လာကာ ခင်ပွန်းသည်နှင့် ကလေးလေးဦးကို ကြိုးဖြင့် တုပ်နှောင်ခဲ့ကြောင်း၊ ထို့နောက် ဇနီးသည်ကို တစ်ယောက်ပြီး တစ်ယောက် မုဒိန်းကျင့်ခဲ့ခြင်း ဖြစ်ကြောင်း မုဒိန်းကျင့်ခံရသူ၏ ခင်ပွန်းက ဆိုသည်။

ဆေးစစ်ချက်မှတ်တမ်းများအရ အမျိုးသမီးမှာ မုဒိန်းအကျင့်ခံခဲ့ရသည် အမှန်ပင်ဖြစ်ကြောင်း၊ သူမ၏ စိတ်ဒဏ်ရာများကိုပါ အမြန်ဆုံး သက်သာလာစေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရူဟူး အာမင်းကို ပါတီမှ ထုတ်ပယ်လိုက်ပြီး ဖြစ်ကြောင်း Awami Leagueပါတီ ထုတ်ပြန်ချက်များတွင် ဖော်ပြပြီး ၎င်း၏ အပြုအမူနှင့် လုပ်ဆောင်ချက်များသည် ပါတီနှင့် မသက်ဆိုင်ကြောင်း၊ ယခုကိစ္စသည် နိုင်ငံရေးလက်စားချေမှု လုံးဝ မဟုတ်ပါကြောင်း စသည့်အချက်များ ပါဝင်သည်။

အာမင်း၏ မိသားစုနှင့်မူ အဆက်အသွယ်မရရှိသေးပေ။

Channel News Asia

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.