ရန်ကုန် ဇန်နဝါရီ ၂၆

တပ်မတော်မှ အာဏာမသိမ်းဘူးဟု အာမမခံနိုင်ဟူသည့် သဘော တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသွားခဲ့သည်။

“တပ်မတော်အနေနဲ့ အာဏာ မသိမ်းဘူးလို့ မှတ်ယူလို့ရမလား” ဟု နေပြည်တော် စစ်သမိုင်းပြတိုက်တွင် ယနေ့ (ဇန်နဝါရီ ၂၆) ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အဆာဟိရှင်ဘွန်းသတင်းဌာနက မေးမြန်းစဉ် “မရပါဘူး” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

အဆာဟိရှင်ဘွန်းသတင်းဌာန သတင်းထောက်ဦးနော်ကိုက ရွေးကောက်ပွဲမဲစာရင်းများနှင့်ပတ်သက်ပြီး တပ်မတော်အနေဖြင့် ထုတ်ပြန်ရှင်းလင်းနေခြင်းမှာ အခြေခံဥပဒေကို မယိမ်းယိုင်အောင် ဆောင်ရွက်နေသည်ဟု နားလည်ပြီး အာဏာမသိမ်းဘူးဟူ၍ မှတ်ယူလို့ ရနိုင်မည်လားဟု မေးမြန်းခဲ့ခြင်းဖြစ်သည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ ဒီမိုကရေစီစနစ်ကို ဆန့်ကျင်ပြီး ဒီမိုကရေစီ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကနေ သွေဖယ်သွားမယ့် လုပ်ဆောင်မှုတွေ မလုပ်ဆောင်ဖို့ လိုပါတယ်။ မည်သည့်ပုဂ္ဂိုလ် အဖွဲ့အစည်း တာဝန်ထမ်းဆောင်မှုမျိုးမဆို ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ပြဌာန်းထားတဲ့ ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး လိုရာဆွဲပုံဖော်နေတာဟာ ဒီမိုကရေစီ စနစ်ကို ယိမ်းယိုင်ပုံပျက်စေမှာ ဖြစ်ပါတယ် ” ဟု သတင်းစာရှင်းလင်းပွဲ စတင်ကတည်းက စကားဦးသမ်း ပြောကြားခဲ့သည်။

ထို့ပြင် မဲစာရင်းများကို စိစစ်ထုတ်ပြန်နေခြင်းသည် မဲမသမာမှုပြုခဲ့သည်ဟု ၎င်းတို့အနေဖြင့် ဆိုလိုခြင်းဖြစ်ကြောင်း ဒီဗီဘီ သတင်းဌာနမှ သတင်းထောက်၏ မေးခွန်းကို ဖြေကြားမှုပြုခဲ့သည်။

လူဦးရေ ၅၄ သန်းကျော်တွင် မဲစာရင်းမှားယွင်းမှု နှင့် မဲမသမာမှုဖြစ်နိုင်သော ၈ သန်း ၆ သိန်းကျော်ကို ရှင်းလင်းပေးရန်လိုအပ်ပြီး ယင်းအခြေအနေပေါ်မူတည်၍ ရွေးကောက်ပွဲရလဒ်ကို လက်ခံ၊ မခံ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

တပ်မတော်အနေဖြင့် လက်ရှိ မြို့နယ် ၃၀၀ ကျော်မှ မဲစာရင်းများကိုစိစစ်ထားပြီး မဲမသမာမှု ၈ သန်း ၆ သိန်းကျော် စိစစ်တွေ့ရှိရသည်ဟု ထုတ်ပြန်ထားသည်။

မော်လေး

Leave a Reply