နန္ဒ (တစ်ကိုယ်တော်) စက်တင်ဘာ ၅ ရက်နေ့က မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်တရားရုံးမှ ပြန်ထွက်လာစဥ် (ဓာတ်ပုံ - ခင်နှင်းဝေ/Myanmar Now)

Myanmar Now

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အောင်သပြေဘိလပ်မြေစက်ရုံစီမံကိန်းကို ကန့်ကွက်ဆန္ဒပြပွဲတွင် သတင်းယူနေရင်း ဖမ်းဆီးခံခဲ့ရသည့် မန္တလေးအခြေစိုက် Channel Mandalay ရုပ်သံသတင်းထောက်က သူ၏အာမခံကို တရားရုံးက ပယ်ချခဲ့ပြီးနောက် အစာငတ်ခံဆန္ဒပြမည်ဟု ဆိုသည်။

နန္ဒ (တစ်ကိုယ်တော်) သည် မေလ ၁၅ ရက်ကတည်းက ဖမ်းဆီးခံထားရခြင်းဖြစ်သည်။ အိုးဘိုထောင်တွင်း ထိန်းသိမ်းခံနေရသည့် သတင်းထောက်က သူ့အား အာမခံပေးရန် ယနေ့လျှောက်ထားခဲ့ သော်လည်း မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်တရားရုံးကပယ်ချလိုက်သည်။

ဆန္ဒပြပွဲကို Facebok မှတဆင့် တိုက်ရိုက်ထုတ်လွှင့်နေစဉ် ဖမ်းဆီးခံခဲ့ရသည့် သူ့အား ပြည်သူ့ဝန်ထမ်းအား သာမန်ဒဏ်ရာရအောင်ပြုမှု (ပုဒ်မ ၃၃၂) ပြည်သူ့ဝန်ထမ်းအား အပြင်းအထန်ဒဏ်ရာရအောင်ပြုမှု (ပုဒ်မ ၃၃၃)၊ ရုန်းရင်းဆန်ခတ်မှု (ပုဒ်မ ၁၄၇)၊ တာဝန်ဝတ္တရား ဆောင်ရွက်နေသည့် ပြည်သူ့ဝန်ထမ်းအား ဟန့်တားရန်လက်ရောက်မှု (ပုဒ်မ ၃၅၃)၊ အားပေးကူညီမှု (ပုဒ်မ ၁၁၄)တို့ဖြင့် တရားစွဲဆိုထားသည်။

“ကိုနန္ဒက စက်ရုံပဋိပက္ခဖြစ်စဉ်မှာသတင်းယူတဲ့သတင်းထောက်ပါ။ သက်သေတွေစစ်ပြီးတဲ့ အခါမှာလည်းကိုနန္ဒကျူးလွန်နိုင်တယ်ဆိုတဲ့အထောက်အထားမတွေ့ရဘူး။ အဲဒီအနေအထားမှာ လူတစ်ယောက်ကို ချုပ်နှောင်ထားတာဟာသူ့ကိုအပြစ်ပေးထားတဲ့အဓိပ္ပါယ်ဖြစ်နေလို့ အာမခံလျှောက်တာပါ။ ဒါပေမဲ့တရားရုံးကပယ်ချလိုက်တယ်” ဟု သူ၏ရှေ့နေ ဦးနိုင်နိုင်ထွန်းကပြောသည်။

အောင်သပြေကျေးရွာဒေသခံအချို့က ၎င်းတို့ ကျေးရွာအနီးတွင် လည်ပတ်ရန် ကြိုးစားနေသည့် ကျောက်မီးသွေးစွမ်းအင်သုံး အယ်လ်ဖာဘိလပ်မြေစက်ရုံကို ပိတ်သိမ်းပေးရန် စီမံကိန်းစတင်ခဲ့သည့် ၂၀၁၇ ခုနှစ်ကတည်းက စတင်ဆန္ဒပြခဲ့ကြပြီး ကျေးရွာဒေသခံများ ဖမ်းဆီးတရားစွဲဆိုခြင်း ခံထားရသည်။

ဖမ်းဆီးခံရွာသားများအနက် တစ်ဦးသည်ဇွန်လအတွင်းက အိုးဘိုထောင်အတွင်း အငြင်းပွားဖွယ်သေဆုံးခဲ့သည်။

ယခုနှစ်မေလဆန်းပိုင်းက ပြန်လည် စတင်ခဲ့သည့် ကျောက်မီးသွေးစွမ်းအင်သုံး အယ်လ်ဖာ ဘိလပ်မြေစက်ရုံစီမံကိန်း ဖျက်သိမ်းပေးရန်နှင့် ဖမ်းဆီးခံထားရသော ကျေးရွာသားများကို လွှတ်ပေးရန် ဆန္ဒပြပွဲများတွင် ကျေးရွာဒေသခံများနှင့် ရဲဝန်ထမ်းများ အကြိမ်ကြိမ် ထိပ်တိုက်တွေ့ခဲ့ကြပြီး စက်ရုံအဆောက်အဦးများကို မီးရှို့ခဲ့သည်အထိ ပဋိပက္ခ ပြင်းထန်ခဲ့သည်။

ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ်တို့အကြားရှိ ကျောက်တောင်များမှ ကုန်ကြမ်းယူပြီး ထုတ်လုပ်မည့် ထိုဘိလပ်မြေစက်ရုံစီမံကိန်းကို ရန်ကုန်အခြေစိုက် “မြင့်ရင်းနှီးမြှုပ်နှံမှုအုပ်စု ကုမ္ပဏီလီမိတက်” က သမ္မတဟောင်းဦးသိန်းစိန် လက်ထက်ကတည်းက လုပ်ပိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။

၂၀၁၅ မှ ၂၀၄၀ အထိ ၂၅ နှစ်ကြာ လုပ်ပိုင်ခွင့်ပေးထားသည့် အဆိုပါစီမံကိန်းနှင့် ပတ်သက်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၂၀၁၇ ခုနှစ် အောက်တိုဘာက ထုတ်ပြန်သည့်စာတွင် စီမံကိန်းကို Myanmar Conch Cement (Mandalay) ကုမ္ပဏီလီမိတက်က လုပ်ကိုင်မည်ဟု ဆိုထားသည်။

၎င်းကုမ္ပဏီသည် တရုတ်နိုင်ငံအခြေစိုက် Anhui Conch Cement ကုမ္ပဏီနှင့် မြန်မာမှ မြင့်ရင်းနှီးမြှုပ်နှံမှုအုပ်စုကုမ္ပဏီလီမိတက်တို့ ပူးပေါင်း တည်ထောင်ထားခြင်းဖြစ်ပြီး မကြာသေးမီက ဈေးကွက်အတွင်း လူသိများလာသည့် Alpha တံဆိပ် ဘိလပ်မြေကို ထုတ်လုပ်သည့်ကုမ္ပဏီ ဖြစ်သည်။ ထိုကုမ္ပဏီသည် ကျောက်ဆည်စက်မှုနယ်မြေရှိ တန် ၅၀၀၀ ကျ အကြီးစားဘိလပ်မြေစက်ရုံကိုလည်း နှစ်အကန့်အသတ်ဖြင့် ပုဂ္ဂလိကကရင်းနှီးမြှုပ်နှံကာ နိုင်ငံတော်သို့ ပြန်လွှဲသည့် B.O.T စနစ်ဖြင့် ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီဖြစ်သည်။

ရွာသားများနှင့် စက်ရုံအကြား ပဋိပက္ခများအပေါ်  Myanmar Now က ဘိလပ်မြေစက်ရုံတွင် ရင်းနှီးမြှုပ်နှံနေသည့် တရုတ် နှင့် မြန်မာ ကုမ္ပဏီများထံ ပြီးခဲ့သည့် လများက အီးမေးလ် ဖြင့် ဆက်သွယ် မေးမြန်းခဲ့သော်လည်း အကြောင်းပြန်ချက်မရခဲ့ပါ။

Leave a Reply