ထိုင်းတော်ဝင်ရဲတပ်ဖွဲ့သည် အောက်တိုဘာလ အစောပိုင်းတွင် Airbus ကုမ္ပဏီမှ ထုတ်လုပ်သော H-175 ရဟတ်ယာဉ်နှစ်စီးအား လက်ခံရရှိခဲ့သည်။ H-175 များစတင်အသုံးပြုနိုင်ပြီဖြစ်သောကြောင့် ထိုင်းရဲတပ်ဖွဲ့သည် အာရှပစိဖိတ်ဒေသအတွင်း ပထမဆုံး H-175 ရဟတ်ယာဉ်အသစ်များအသုံးပြုသည့် တပ်ဖွဲ့ဖြစ်လာခဲ့သည်ဟု ဖော်ပြထားသည်။

နောက်ဆုံးပေါ် လေကြောင်းနည်းပညာရပ်များနှင့်စက်ကိရိယာများတပ်ဆင်ထားသော H-175 ရဟတ်ယာဉ်များသည် ကမ္ဘာပေါ်တွင် ၁၅ စီးခန့်သာ ရောင်းချရသေးသော Airbus ၏ အသစ်လွင်ဆုံး သယ်ပို့ ရဟတ်ယာဉ်ဖြစ်သည်။ ၎င်းရဟတ်ယာဉ်၏ ကုန်တင်နိုင်စွမ်းကောင်းမွန်ပြီး ပြောင်းလွယ်ပြင်လွယ်ရှိသော အစိတ်အပိုင်းများကြောင့် စစ်ဆင်ရေးအမျိုးမျိုးတွင် အသုံးပြုနိုင်မည်ဖြစ်သည်။

ရှာဖွေကယ်ဆယ်ရေး(Search & Rescue) အရေးကြီးလူပုဂ္ဂိုလ်ပို့ဆောင်ရေး (VIP Transport) တရားဥပဒေစိုးမိုးရေး (Law Enforcement) စသည့် တာဝန်များအတွက် အထူးသင့်လျှော်သောအမျိုးအစားဖြစ်သည်။ H-175 ရဟတ်ယာဉ်တွင် ပိုင်းလော့နှစ်ဦးမောင်းနှင်ရပြီး အလိုအလျှောက် မောင်းနှင်စနစ်သည် အထူးအဆင့်မြှင့်ထားသောကြောင့် ရဟတ်ယာဉ်အဆင်း အတက် တွင်ပိုင်းလော့အား မလိုအပ်ဘဲ ဖိအားများခြင်းမှ လျှော့ချပေးထားနိုင်ရန်ကူညီပေးထားပါသည်။ ၎င်း Auto Pilot စနစ်သည် ရာသီဥတုဆိုးရွားချိန် တွင်ပင် ဆင်းကွင်းသို့တိကျစွာ ဆင်းသက်နိုင်ရန် ကူညီထောက်ပံ့ပေးနိုင်စွမ်းရှိသည်။ ထို့အပြင် H-175 သည် အချိန်ကြာမြင့်စွာပြုလုပ်ရမည့် တာဝန်များအတွက် ရဟတ်ယာဉ်ဆီ ဝင်ဆံ့မှုပမာဏ ၉၀ ရာခိုင်နှုန်းထိ ဖြည့်တင်းပြီး တာဝန်ထမ်းဆောင်နိုင်စွမ်းရှိသည်။ VIP သယ်ယူပို့ဆောင်ရေးသို့မဟုတ် တပ်ဖွဲ့ရွှေ့ပြောင်းရေးတို့အတွက် လူ ၁၂ ယောက် လိုက်ပါနိုင်ရန်နေရာပြုလုပ်ပေးထားသည်။

Airbus ကုမ္ပဏီ၏ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာအကြီးအကဲဖြစ်သူ Philippe Monteux ကမူ ယခုကဲ့သို့ထိုင်းရဲတပ်ဖွဲ့၏ H-175 များရွေးချယ်ဝယ်ယူမှုအပေါ် များစွာကြိုဆိုပြီး အနာဂါတ်တွင် ထိုင်းနိုင်ငံနှင့် Airbus တို့၏ ပူးပေါင်းဆောင်ရွက်မှုများအတွက်အစပျိုးမှုဖြစ်ကြောင်း ပြောကြားခဲ့ပြီး ရဟတ်ယာဉ်သစ်များဖြစ်သည့် H-175 ရဟတ်ယာဉ်များ၏ အရည်အသွေးအပေါ် အပြည့်အဝ ယုံကြည်မှုရှိကြောင်းလည်း ပြောကြားခဲ့သည်။ Airbus သည် နာမည်ကြီး လေကြောင်းဆိုင်ရာကုမ္ပဏီတစ်ခုဖြစ်ပြီး ခရီးသည်တင်လေယာဉ်များ ရဟတ်ယာဉ်များထုတ်လုပ်ရာတွင် နာမည်ကြီးကုမ္ပဏီတစ်ခုဖြစ်သည်။ ဥရောပတွင်လည်း စစ်ဘက်ဆိုင်ရာသယ်ပို့လေယာဉ်ရဟတ်ယာဉ်များ အဓိကထုတ်လုပ်ရာ လုပ်ငန်းစုလည်းဖြစ်သည်။ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ တွင် Airbus မှထုတ်လုပ်သော ရဟတ်ယာဉ်စုစုပေါင်း ကိုးစီးထိတာဝန်ထမ်းဆောင်နေပြီး ၎င်းတို့တွင် H115 ရဟတ်ယာဉ် ငါးစီးနှင့် AS365 N3 ရဟတ်ယာဉ်နှစ်စီးတို့လည်းအပါအဝင်ဖြစ်သည်။

Written by – ဇွဲထွဋ်ဦး(အမရပူရ)

Leave a Reply