Advertisements

တက္ကသိုလ်ကျောင်းတွေလည်း ပြန်လည်ဖွင့်လှစ်နေပြီဆိုတော့ မော်လမြိုင်တက္ကသိုလ်ကြီးမှာ ကျောင်းအပ်နှံကြမယ့် မောင်လေး၊ ညီမလေးတွေအတွက် ကျောင်းအပ်ရတာ အဆင်ပြေချောမွေ့အောင် လမ်းညွှန်မှုလေး ပေးချင်ပါတယ်။

ကျောင်းအပ်လက်ခံရာမှာတော့ ပထမနှစ်တွေကို နိုဝင်ဘာ ၁၅ရက်မှ စတင်လက်ခံနေတာဖြစ်ပြီး ဒုတိယနှစ်တွေကိုတော့ နိုဝင်ဘာ ၂၂ရက်မှာ စတင်လက်ခံမှာပါ။ တတိယနှစ်နဲ့ စတုတ္ထနှစ်တွေကိုတော့ နိုဝင်ဘာ ၂၇ရက်နေ့ နောက်ပိုင်းကစပြီး ကျောင်းအပ်လက်ခံမှာဖြစ်ပါတယ်။

ပထမနှစ်တက်မယ့် မောင်လေးတွေ၊ ညီမလေးတွေ ကျောင်းအပ်ဖို့အတွက် ပထမဆုံးပြင်ဆင်ရမှာကတော့ မိဘနှစ်ပါးရဲ့ မှတ်ပုံတင်မိတ္တူ၊ မိမိရဲ့ မှတ်ပုံတင်မိတ္တူ၊ ဆယ်တန်းအောင်တဲ့ အမှတ်စာရင်း၊ ဓာတ်ပုံ(၅)ပုံ၊ ကျောင်းလခသွင်းဖို့ ပိုက်ဆံနဲ့ မေဂျာလျှောက်လွှာ ပြန်ကျလာတဲ့ စာရွက်စာတမ်း အပြည့်အစုံယူသွားရမှာဖြစ်ပါတယ်။

ဒုတိယနှစ်၊ တတိယနှစ်နဲ့ နောက်ဆုံးနှစ်ကျောင်းသူ၊ ကျောင်းသားတွေအတွက်ကတော့ မိဘနှစ်ပါးရဲ့ မှတ်ပုံတင်မိတ္တူ၊ မိမိရဲ့ မှတ်ပုံတင်မိတ္တူ၊ ဓာတ်ပုံ (၅)ပုံ နှင့် ကျောင်းလခသွင်းဖို့အတွက် ပိုက်ဆံ အပြင် တက်ရောက်အောင်မြင်ခဲ့တဲ့နှစ်ရဲ့ ကျောင်းသားကတ်ကိုပါ တစ်ခါတည်းယူဆောင်ခဲ့ရမှာဖြစ်ပါတယ်။

ကျောင်းအပ်တဲ့အခါမှာတော့ အတတ်နိုင်ဆုံး လူကိုယ်တိုင်လာရောက်အပ်နှံတာကတော့ အကောင်းဆုံးပါပဲ။ အဲဒါမှ မိမိရဲ့ နာမည်တွေ၊ မိဘနာမည်တွေနဲ့ ကိုယ့်နဲ့ သက်ဆိုင်တဲ့အကြောင်းအရာတွေနဲ့ ကိန်းဂဏန်းတွေကို သေသေချာချာ ပြည့်ပြည့်စုံစုံ ပြောပြနိုင်မှာ ဖြစ်ပါတယ်။ အရမ်းအခက်အခဲဖြစ်နေလို့ လူကိုယ်တိုင်မလာနိုင်တဲ့ အချိန်မှသာ လူကြုံနဲ့အပ်သင့်တယ်လို့ အကြံပြု ပြောပြချင်ပါတယ်။ လူကြုံနဲ့ကျောင်းအပ်ဖို့ အခက်အခဲရှိတယ် ဆိုရင်တော့ သက်ဆိုင်ရာမေဂျာမှာရှိတဲ့ ဌာနမှူး၊ ဆရာ၊ ဆရာမတွေအပြင် ကျောင်းသားသမဂ္ဂအဖွဲ့နဲ့လည်း တိုင်ပင်ပြီး အကူအညီတောင်းလို့ရပါတယ်။

ဒီနှစ်ကစပြီးတော့ ပတ်စပိုစ့်ဓာတ်ပုံတွေ ယူခဲ့ချင်တယ်ဆိုရင်တော့ ယူခဲ့လို့ရပါတယ်၊ ကျောင်းသူဆိုရင် သတ်မှတ်ထားတဲ့ အကျီ ၤရင်ဖုံးနဲ့ဖြစ်ရပါမယ်၊ လက်ပြတ်အကျီ ၤ၊ လည်ပင်းဟိုက်တဲ့အကျီ ၤတွေ ဝတ်ပြီး ဓာတ်ပုံရိုက်ဖို့ ခွင့်မပြုထားပါဘူး၊ ကျောင်းသားဆိုရင် ဆံပင်အနီဆိုးထားတာ၊ နားကပ်တပ်ထားပြီး ဓာတ်ပုံရိုက်လာတာတို့မရပါဘူး။

ကျောင်းစအပ်ဖို့ ကျောင်းထဲရောက်ပြီဆိုတာနဲ့ ဆိုင်ကယ်၊ ကားထားရမယ့်နေရာတွေကို စနစ်တကျပြုလုပ် ထားပေးတာ တွေ့ရပါမယ်။ ဝင်ဝင်ချင်းမှာပဲ စုံစမ်းရန်ဆိုတဲ့ နေရာမှာ သွားရောက်မေးမြန်းနိုင်ပါတယ်။ နေရာ တစ်ခုချင်းစီမှာ ဆရာ၊ ဆရာမများအပြင် ဌာနမှူးများပါရှိနေမှာဖြစ်ပါတယ်။ အဲဒါကြောင့် မသိနားမလည်တဲ့ အရာတွေကို ချက်ချင်းမေးမြန်းနိုင်ပါတယ်။ဆရာ၊ ဆရာမတွေကလည်း သွားရမယ့်နေရာတွေ၊ အဆောင်တွေကို လမ်းညွှန်ပြသပေးမှာပါ။ ဝိဇ္ဇာဘာသာနဲ့ သိပ္ပံဘာသာအတွက် အဆောင်နှစ်ဆောင် သီးသန့်ခွဲ ထားပေးပါတယ်။ အဆောင်ထဲမှာတော့ မေဂျာအလိုက် ဌာနတွေခွဲထားပေးပါတယ်။ မိမိအပ်နှံရမယ့် မေဂျာကို လွယ်ကူစွာ ရှာတွေ့နိုင်ပါတယ်။ ဖောင်ဖြည့်ဖို့လိုအပ်တဲ့အခါ အသုံးပြုဖို့အတွက်လည်း စားပွဲခုံတွေကို လိုအပ်တဲ့နေရာတွေမှာ ထားရှိပေးထားပါတယ်။

ကျောင်းသားကတ်အတွက် ဓာတ်ပုံရိုက်တဲ့အခါမှာလည်း ဓာတ်ပုံရိုက်ဖို့ နေရာတွေ အများကြီးပြုလုပ်ထား ပေးတဲ့အတွက် အရင်နှစ်တွေကလို အချိန်အကြာကြီး စောင့်ဆိုင်းစရာမလိုတော့ပါဘူး။ စောင့်ဆိုင်းနေတဲ့ အချိန်မှာလည်း ကျောင်းသား၊ ကျောင်းသူတွေ နားနေနိုင်ဖို့အတွက် နေရာလေးတွေကိုလည်း စီစဉ်ထားပေးပါတယ်။

ကျောင်းသား၊ ကျောင်းသူတွေ ငွေသွင်းတဲ့အခါမှာလည်း အခက်အခဲမရှိစေဖို့အတွက် ငွေစာရင်းဌာနက ငွေလက်ခံကောင်တာ လေးခုပြုလုပ် ထားပေးပါတယ်။ အချိန်ကုန်၊ လူပင်ပန်းသက်သာစေဖို့အတွက် စီစဉ်ထားတာဖြစ်ပါတယ်။
အရင်နှစ်တွေတုန်းကတော့ ကျောင်းအတွင်းအဆောင်မှာနေထိုင်ဖို့အတွက် ရပ်ဝေးကလာတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို လက်ခံခဲ့တာဖြစ်ပါတယ်။ ဒီနှစ်ကစပြီးတော့ အတွင်းအဆောင်မှာနေချင်တဲ့ ကျောင်းသူ၊ ကျောင်းသားတိုင်း လျှောက်ထားနိုင်ပါတယ်။ မိန်းကလေးအဆောင်ကတော့ နေရာမလုံလောက်တဲ့ အတွက် လျှောက်ထားတဲ့သူတွေထဲကမှ မိသားစုအဆင်မပြေတဲ့သူတွေ၊ ရပ်ဝေးကလာတဲ့သူတွေကို အဓိကဦးစားပေးပြီး ကျောင်းကော်မတီအဖွဲ့က နေခွင့်ပေးဖို့ရွေးချယ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

ပထမနှစ်ကျောင်းသူ၊ ကျောင်သားတွေကတော့ ဒီဇင်ဘာ ၄ရက်နေ့မှာ ကျောင်းစတက်ရမှာပါ။ ဒုတိယနှစ်၊ တတိယနှစ်နဲ့ နောက်ဆုံးနှစ်တွေကတော့ ဒီဇင်ဘာ ၁ရက်နေ့ကနေစပြီးတော့ ကျောင်းစတက်ရမှာဖြစ်ပါတယ်။ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့တော့ ကျောင်းကိုပုံမှန် မပျက်မကွက်တက်ရောက်ကြဖို့က အရေးကြီးပါတယ်။ ကျောင်းခေါ်ချိန်မပြည့်မီခဲ့ရင် စာမေးပွဲဖြေဆိုဖို့အတွက် အခက်အခဲဖြစ်စေနိုင်ပါတယ်။

ကျောင်းအပ်နှံရန်အတွက်အခက်အခဲဖြစ်ပေါ်ပါက-ဒေါ်သန်းသန်းအိ၊ ဌာနမှူး (ကျောင်းသားရေးရာ) ဖုန်း- ၀၉ ၂၂၄၈၅၃၆၇ သို့လည်းကောင်း၊ ကျောင်းသားသမဂ္ဂ အဖွဲ့- ဖုန်း- ၀၉ ၇၈၈၇၂၈၅၂၈၊ ၀၉ ၇၉၁၈၃၃၆၉၁ သို့ လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ကျောင်းမှန်မှန်တက်စာမခက်ဆိုတဲ့အတိုင်း ကောင်းမွန်တဲ့စာသင်နှစ်လေးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Written by ထိုက်ထိုက်

 

Advertisements
<

Leave a Reply