အိန္ဒိယတွင် မုဒိမ်းကျင့်ရန် ကြိုးစားခဲ့သူများကို ရဲတိုင်မိသည့်အတွက် အရှင်လတ်လတ်မီးရှို့ခံရ

အိန္ဒိယနိုင်ငံတွင် ဒီဇင်ဘာ ၁ ရက်နေ့က အဓမ္မ မုဒိန်းပြုကျင့်ရန် ကြိုးစားခဲ့သူများကို ရဲတပ်ဖွဲ့ထံ တိုင်တန်းခဲ့မိသည့်အတွက် အိန္ဒိယအမျိုးသမီးငယ်တစ်ဦး အရှင်လတ်လတ် မီးရှို့ခံခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဆူတာပူအာဒေသရှိ လယ်ကွင်းတစ်ခု အနီးတွင် အမျိုးသား နှစ်ဦးက အသက်၂၀ အရွယ် မိန်းကလေးကို အဓမ္မ ကျင့်ကြံရန် ကြိုးစားခဲ့ကြောင်း၊ ယင်းတို့နှစ်ဦးမှာ မိသားစုနှင့်လည်း ရင်းနှီးသည့် အိမ်နီးချင်းများ ဖြစ်ကြောင်း၊ မိန်းကလေးကို ချုပ်နှောင်ပြီး ဆွဲခေါ်သွားရန် ကြံစည်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ရာ မိန်းကလေးက လက်ကို ပြန်ကိုက်ကာ ရုန်းကန် ထွက်ပြေးလာနိုင်ခဲ့ကြောင်း၊ မိဘထံ ပြန်ပြောပြခဲ့ရာ ဖခင်ဖြစ်သူက ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ရဲများအား တိုင်ကြားခဲ့ကြောင်း သိရသည်။

သို့သော်လည်း မည်သည့်အရေးယူမှုမျှ ရှိမလာကြောင်း မိန်းကလေး၏ ဖခင်က ပြောသည်။ ထိုသို့ တိုင်ကြားပြီး နှစ်ရက်အကြာတွင် မိန်းကလေးမှာ အငြိုးထားသူများ၏ လက်စားချေမှုကို ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားခဲ့ရာ နေ့တွင်ပင် မိန်းကလေး အလုပ်လုပ်နေသည့် လယ်ကွင်းသို့ အဆိုပါအမျိုးသားနှစ်ယောက် ထပ်မံရောက်ရှိလာပြီး ရေနံဆီလောင်းကာ မီးတင်ရှို့ခဲ့ကြောင်း မိန်းကလေး၏ မိခင်က ပြောသည်။

မိန်းကလေးမှာ အော်ဟစ် အသနားခံရင်း နေရာတင် လဲကျနေခဲ့ကြောင်း၊ သူမကို ဆေးရုံ တင်ပို့ပေးချိန်တွင် ခန္ဓာကိုယ်၏ ၄၀ ရာခိုင်နှုန်းခန့် မီးကျွမ်းနေခဲ့ပြီ ဖြစ်ကြောင်းလည်း ထပ်မံသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ရည်ရွယ်ချက်ရှိရှိ ရန်ပြုသူ နှစ်ဦးကို ဖမ်းဆီးထားကြောင်း၊ ကနဦး တိုင်ကြားမှုအပေါ် အရေးယူ တုံ့ပြန်ရန် ပျက်ကွက်ခဲ့သည့် ရဲဝန်ထမ်း သုံးဦးကိုလည်း ရာထူးမှ ဆိုင်းငံ့ကာ စစ်ဆေးနေကြောင်း ဒေသခံ ရဲဌာန အကြီးအကဲက Reuters သတင်းဌာနကို ပြောကြားထားသည်။

Reference- Reuters

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.