နယူးဒေလီ၊ ဧပြီ

အိန္ဒိယနိုင်ငံ သမ္မတ Ram Nath Kovind သည် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများအား သေဒဏ်ပေးရန် တရားရုံးများအား ခွင့်ပြုသည့် အရေးပေါ်အမိန့်ကို ဧပြီ ၂၂ ရက်ကလက်မှတ်ရေးထိုးပေးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံအစိုးရသည် ဧပြီ ၂၁ ရက်တွင် ပြုလုပ်ခဲ့သော ဝန်ကြီးများအစည်းအဝေးပွဲအတွင်း အသက် ၁၂ နှစ်
အောက် မိန်းကလေးငယ်များအား အဓမ္မပြုကျင့်သူများကို သေဒဏ်ပေးခြင်း အပါအဝင် ပြင်းထန်သည့် ပြစ်ဒဏ်များ ချမှတ်ခြင်းအတွက် လမ်းဖွင့်ပေးမည့်ဆုံးဖြတ်ချက်ကို အတည်ပြုပေးခဲ့ကြောင်း သိရသည်။

ယခုချမှတ်လိုက်သည့် အမိန့်ညွှန်ကြားချက်အရ အသက်၁၂နှစ်အရွယ် မိန်းကလေးငယ်များအား အဓမ္မပြုကျင့်သူများကို သေဒဏ်ပေးသွားမည်ဖြစ်ပြီး အသက် ၁၆ နှစ်အောက်၁၂ နှစ်အရွယ် မိန်းကလေးငယ်များအား အဓမ္မပြုကျင့်သူများကို အနည်းဆုံး ပြစ်ဒဏ်အဖြစ်ထောင်ဒဏ် ၁၀ နှစ်မှ ၂၀ နှစ်အထိချမှတ်သွားနိုင်သည့်အပြင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိပါ တိုးမြှင့်ချမှတ်နိုင်ကြောင်း သိရသည်။

ထို့ပြင်အမျိုးသမီးများအား အဓမ္မပြုကျင့်မှုများအတွက် အနိမ့်ဆုံး ထောင်ဒဏ် ၇ နှစ်မှ ၁၀နှစ်အထိ ချမှတ်နိုင်ပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိပါ တိုးမြှင့်ချမှတ်နိုင်ကြောင်း သိရသည်။

ဥပဒေသစ်သည် အဓမ္မပြုကျင့်မှုဖြစ်စဉ်များအား လျင်မြန်စွာ စုံစမ်းစစ်ဆေးပြီး တရားစီရင်သွားနိုင်ရန်လည်းထောက်ပံ့ ဖြည့်ဆည်းသွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းဥပဒေအရ အသက်၁၆ နှစ်အောက် မိန်းကလေးငယ်များအား တစ်ဦးချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ အဓမ္မပြုကျင့်သည်ဟု စွပ်စွဲခံရပါက တရားခံအနေဖြင့် အာမခံရရှိမည်မဟုတ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံက ထိန်းချုပ်ထားသည့် Kashmir ဒေသရှိ Kathua ခရိုင်တွင် အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအဓမ္မပြုကျင့် သတ်ဖြတ်ခံရသည့်အတွက် ပြည်သူများက ဒေါသထွက်နေချိန်တွင် ယင်းဆုံးဖြတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံရှိ အမျိုးသမီးများ နှင့် မိန်းကလေးများအပေါ် လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကြောင့် ၎င်းင်းတို့၏ နေ့စဉ်ဘဝလုံခြုံရေးအတွက် မေးခွန်းထုတ်စရာတစ်ခုဖြစ်လာခဲ့သည်။

Ref: Bangkok Post

Leave a Reply