Advertisements

နယူးဒေလီ ဇွန် ၃

အိန္ဒိယနိုင်ငံ မြောက်ပိုင်းကို အပူလှိုင်း ရုတ်တရက် ဖြတ်သန်းခဲ့ပြီး အပူချိန် ၁၂၂ဒီဂရီဖာရင်ဟိုက် (၅၀ ဒီဂရီဆဲလ်စီးရပ်စ်) အထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။

အပူချိန်ဟာ ဆက်လက်မြင့်တက်နေပြီး အိန္ဒိယနိုင်ငံရဲ့ စံချိန်တင် အမြင့်ဆုံး အပူချိန်ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ အိန္ဒိယနိုင်ငံ မိုးလေဝသဌာနက ထုတ်ပြန်ခဲ့ပါတယ်။

အပူချိန်ကြောင့် အိန္ဒိယနိုင်ငံအတွင်း ရေရှားပါးတာအပြင် အပူရှပ်ခြင်းနဲ့ဆိုင်တဲ့ ကျန်းမာရေးပြဿနာဖြစ်နိုင်ကြောင်း အရေးပေါ်ကြေညာချက်တွေ ထုတ်ပြန်ထားရပါတယ်။

လက်ရှိမှာ ရာဂျက်စတန်ပြည်နယ်က ချူရုမြို့ရဲ့ အပူချိန်ဟာ ၅၀ ဒသမ ၆ ဒီဂရီဆဲလ်စီးရပ်စ်ရှိကြောင်း၊ အပူချိန်မြင့်တက်မှုဟာလည်း တစ်ရက်ထက် တစ်ရက် တိုးနေဆဲဖြစ်ကြောင်း မိုးလေဝသဌာနက သတိပေး ထုတ်ပြန်ထားပါတယ်။

အိန္ဒိယမြောက်ပိုင်းက မြို့တစ်ချို့မှာ အပူချိန်ဟာ ၄၇ ဒီဂရီဆဲလ်စီးရပ်စ်အထက်မှာ ရှိနေပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် မေလတုန်းက ရာဂျက်စတန်ပြည်နယ်က ပါလိုဒီမြို့မှာ စံချိန်တင်ခဲ့တဲ့ အပူချိန်ဟာ ၅၁ ဒီဂရီဆဲလ်စီးရပ်စ်(၁၂၃ ဒသမ ၈ ဒီဂရီဖာရင်ဟိုက်) ရှိခဲ့ပါတယ်။ အဲ့ဒီတုန်းက အပူချိန်မြင့်တက်မှုဟာ ရက်ပိုင်းသာကြာခဲ့ပြီး အခုအပူချိန်မြင့်တက်မှုဟာ တစ်ပတ်နဲ့ ဆယ်ရက်အကြား ကြာရှည်နိုင်ဖွယ်ရှိနေ ပါတယ်။

ရာဂျက်စတန်၊ မက်ဒဟာပရာဒက်ရှ်၊ ပန်ဂျပ်၊ ဟာယာနာနဲ့ ဥတာပရာဒက်ရှ်ပြည်နယ်တွေမှာ သီတင်းတစ်ပတ်တာအထိ အပူချိန် ဆက်လက်မြင့်မားနေဦးမယ်လို့ အိန္ဒိယ မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။ အပူချိန်လွန်ကဲတာကြောင့် သေဆုံးသူတစ်ချို့လည်းရှိခဲ့ပြီး အရေအတွက် အတိအကျကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီမှာ လက်ရှိ အပူချိန် ၄၆ဒီဂရီဆဲလ်စီးရပ်စ်ရှိနေပါတယ်။ အပူရှောင်ဒေသဖြစ်တဲ့ ဟီမာချယ်ပရာဒက်ရှ်မှာတောင် အပူချိန်ဟာ ၄၄ ဒသမ ၉ထိရှိနေတာမို့ အပူချိန် စံချိန်တင်မှုဟာ အမြင့်ဆုံးမှာ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

Ref: Bangkok Post

Advertisements
<

Leave a Reply