(ပုံစာ - (CHRO) နယူးဒေလီ တာဝန်ခံ Salai Cung Dawt)

၁၉ မတ် ၂၀၁၉

ချင်းဒုက္ခသည်များကို နိုင်ငံတကာအကာအကွယ်ပေးမှု ဆက်လက်လိုအပ်ကြောင်း ဒုက္ခသည်များဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂမဟာမင်းကြီးရုံး (UNHCR) က ပြောဆိုသည့်နောက်ပိုင်း အိန္ဒိယနိုင်ငံရောက် ချင်းဒုက္ခသည်များအား မကြာခင် UN ကတ် (ဒုက္ခသည်အသိအမှတ်ပြုသည့်ကတ် ) အသစ် ထုတ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ UNHCR ရုံးတွင် UN တာဝန်ရှိသူများနှင့် ချင်းဒုက္ခသည်ခေါင်းဆောင်များ မတ်လ ၁၈ ရက်နေ့က တွေ့ဆုံခဲ့ရာ UN ကတ်ကို မကြာခင် ထုတ်ပေးသွားမည်ဟုပြောဆိုခဲ့ကြောင်း နယူးဒေလီမြို့မှ Chin Human Right Organization (CHRO) တာဝန်ခံ Salai Cung Dawt က ပြောသည်။

“အရင်က Refugee ကတ် ကိုင်ထားပြီးသားအားလုံးလူတွေအတွက် ကတ်ကို ပြင်ဆင်နေတယ်။ တစ်ပတ်နှစ်ပတ်လောက် တော့ ကြာမယ်လို့ပြောတယ်။ တချို့ကိုင်ဆောင်ထားတဲ့ UN ကတ်သက်တမ်းဟာ ၂၀၁၉ ဇွန်လ၊ ဇူလိုင်လအထိပဲ ဖြစ်တယ်။ ဒါကြောင့် direct တခါတည်း သက်တမ်းတိုးပေးမယ်။ ၂၀၂၁ ခုနှစ်အထိလို့တော့ပြောတယ်” ဟု Salai Cung Dawt က ပြောသည်။

အိန္ဒိယနိုင်ငံတွင် ကမ္ဘာ့ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပေးသော UN ကတ်ရှိသူ ဒုက္ခသည်ပေါင်း ၃၀၀၀ ခန့်ရှိကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ချင်းဒုက္ခသည်ကော်မတီများက အရင်က UN လျှောက်ပြီးမှ ဆိုင်းငံ့ခံရသည့် pending case နှင့် ပယ်ချခံရသည့် reject case များကို ပြန်လည်လမ်းဖွင့်ပေးရန် တောင်းဆိုခဲ့ကြသော်လည်း UNHCR မှ ကြေညာချက် မထုတ်ပြန်ခင်ကပြုလုပ်သောပုံစံအတိုင်း ၎င်းတို့ဒုက္ခသည်တစ်ဦးချင်းစီ၏ case (အခြေအနေ) ကို သေချာပြန်လည် စစ်ဆေးပြီးမည်ဟုတုံ့ ပြန်ခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်တွင် နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေးအခြေအနေ တိုးတက်မှုများရှိလာခြင်းကြောင့် မလေးရှားနှင့် အိန္ဒိယနိုင်ငံများသို့ ရောက်ရှိနေကြသည့် ချင်းလူမျိုးများကို ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ပေးတော့မည်မဟုတ်ကြောင်း UNHCR က ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လအစောပိုင်းက ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း ယခုလက်ရှိ ချင်းပြည်နယ်တောင်ပိုင်းဒေသတွင် ဆိုးရွားလာနေသည့် လုံခြုံရေးအခြေအနေကြောင့် ချင်းဒုက္ခသည် များကို နိုင်ငံတကာက ဆက်လက်ပြီး အကာအကွယ်ပေးရန် လိုအပ်သည်ဟု UNHCR က မတ်လ ၁၄ ရက်နေ့ နေ့စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

(ပုံစာ – (CHRO) နယူးဒေလီ တာဝန်ခံ Salai Cung Dawt)

By မိုးကျော် ၊ ခိုနူမ်းသုန်သတင်း၊

Leave a Reply