ချောင်းဆုံ ဧပြီ

အိန္ဒိယကပဲတင်သွင်းခွင့်ပြုထားခြင်းအပေါ် မတ်ပဲဈေးကောင်းရလာနိုင်မည်ဟု လယ်သမားနှင့် ကုန်သည်များ မျှော်လင့်လျက်ရှိသည်။

“အခုနှစ်မှာအိန္ဒိယက မတ်ပဲ တန်ချိန် ၁ သိန်းခွဲ ၊ ပဲဇင်းငုံ တန်ချိန် ၂ သိန်း ၊ ပဲတီစိမ်း တန်ချိန် ၁ သိန်းခွဲကို ၂၀၁၉ ဧပြီလ ၂၀ ရက်နေ့ကနေ ၂၀၂၀ မတ်လ ၃၁ ရက်နေ့အထိဝယ်ယူတင်သွင်းခွင့်ပြုထားတယ်။ ပြီးခဲ့တဲ့နှစ်ကဝယ် ယူတင်သွင်းခွင့်ပြုတာနဲ့လည်းကွာခြားမှုရှိတယ်။ ယခင်နှစ်ကဝယ်ယူတင်သွင်းခွင့်ကို ၂၀၁၈ ဇွန်လ ၁ ရက်နေ့ ကနေ သြဂုတ်လ ၃၀ ရက်နေ့ထိပဲတရားဝင်တင်သွင်းခွင့်ပြုခဲ့တယ် ။ မတ်ပဲကိုတန်ချိန် ၁ သိန်းခွဲတရားဝင်တင် သွင်းခွင့်ပြုခဲ့ပေမဲ့ လိုအပ်ချက်အရတန်ချိန် ၅ သိန်းအထိဝယ်ယူခဲ့တယ် ။ယခုနှစ်မှာလည်းအိန္ဒိယကမတ်ပဲလိုအပ် ချက်တွေရှိနေတဲ့အတွက်ဈေးကောင်းရလာနိုင်တယ်လို့မျှော်လင့်ထားတယ်”ဟုမွန်ပြည်နယ်ပဲမျိုးစုံနှင့်နှမ်းကုန် သည်များအသင်းအတွင်းရေးမှူး ဦးကျော်ခိုင်မြင့်ကပြောသည်။

ပဲစိုက်ပျိုးဧက ၊ ပဲအထွက်နှုန်း ၊ ငွေကြေး နှင့် ဈေးကွက် အခြေအနေတို့ကို လေ့လာမှုအားကောင်းလျှင် အားကောင်းသလိုအကျိုးရှိနိုင်ကြောင်း၊ ယခုနှစ်တွင်အိန္ဒိယနိုင်ငံ၌ပဲစိုက်ပျိုးချိန်တွင် ရာသီဥတုဖျောက်ပြန်ခဲ့၍ ပဲအထွက်လျှော့နည်းခဲ့ကြောင်းနှင့်
ပြည်တွင်းတွင်လည်းမတ်ပဲစိုက်ပျိုးဧက လျော့နည်းခဲ့ကြောင်း ၎င်းကသုံးသပ်သည်။

မြန်မာနိုင်ငံမှ ပဲမျိုးစုံကို တစ်ချိန်က အိန္ဒိယနိုင်ငံတစ်ခုတည်းကိုသာ တင်ပို့ရောင်းချနိုင်ခဲ့သော်လည်း အိန္ဒိယက ပဲတင်သွင်းခွင့်ပိတ်ခဲ့ခြင်းအပေါ် မြန်မာပဲကုန်သည်ကြီးများက ဈေးကွက်အသစ်ရှာဖွေခဲ့ရာ ယခုအခါ အိန္ဒိယအပြင် နီပေါ ၊ ပါကစ္စတန် ၊ဘင်္ဂလားဒေ့ ၊ ဗီယက်နမ် ၊ တရုတ် ၊ ဂျပန် ၊ ယူအေအီးနိုင်ငံတို့ကို လည်းချိတ်ဆက်ရောင်းဝယ်နိုင်ပြီဖြစ်ကြောင်း ဦးကျော်ခိုင်မြင့်ကဆိုသည်။

“ဒေသမှာပဲတီရွှေဝါကိုလည်းစိုက်ပျိုးလာကြတယ် ၊အရင်နှစ်တွေထက်စာရင် မတ်ပဲစိုက်ဧကလည်းနည်းလာတယ် ၊ အချို့တောင်သူတွေကပဲအထွက်လည်းလျှော့ကြတယ် ၊ အိန္ဒိယကလည်းပဲဝယ်မယ် ဆိုတော့ဒီနှစ်မှာမတ်ပဲဈေး ကောင်းရနိုင်တယ် ၊ လယ်ကထွက်တဲ့ပဲတွေကိုလည်းသိုလှောင်ထားတယ်”ဟု ကော့မုပွန်ကျေးရွာကတောင်သူ ဦးချမ်းမြင့်စိုးကပြောသည်။

မော်လမြိုင်မြို့ဈေးကွက်တွင် မတ်ပဲတစ်ပိသာကို ကျပ်၁၂၄၀ ၊ ပဲလွန်းဖြူ တစ်ပိသာ ကျပ် ၈၅၀ ၊ ပဲတီစိမ်းတစ် ပိသာကျပ် ၁၂၀၀ ၊ ပဲတီရွှေဝါတစ်ပိသာကိုကျပ် ၁၈၅၀ ဈေးနှုန်းများရှိကြောင်းကော့မုပွန်ကျေးရွာကပဲ ရောင်း ဝယ်သူဦးကက်ကဆိုသည်။

ပြည်တွင်းတွင်ပဲဟောင်းလက်ကျန်မရှိသလောက်ဖြစ်နေကြောင်းနှင့်ယခုနှစ်တွင်မတ်ပဲတန်ချိန် ၃ သိန်းအောက် သာရှိနေသည်ဟုလေ့လာသိရှိရကြောင်းဦးကျော်ခိုင်မြင့်ကပြောသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply