နယူးဒေလီ၊ ဇွန် ၁၈

အိန္ဒိယနိုင်ငံတွင်းသို့ တင်ပို့လာသည့် အမေရိကန်နိုင်ငံမှ သွင်းကုန်၂၈မျိုးကို ဇွန်လ ၁၆ရက်နေ့မှစ၍ အခွန်တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရအဖွဲ့က ကြေညာသည်။

အဆိုပါကြေညာချက်ကို ဇွန်လ ၁၇ရက်နေ့တွင် ဘဏ္ဍာရေးဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ခဲ့ပြီး ပဲအမျိုးမျိုး၊ အစေ့အဆံများပါဝင်ကြောင်းသိရသည်။

ယခင်က အခွန်စည်းကြပ်မည့်စာရင်းတွင် ပုစွန်ပါဝင်သော်လည်း ၁၇ရက်နေ့ ကြေညာချက်တွင် ပုစွန်တစ်မျိုးလျော့ကာ ၂၈မျိုးသာစည်းကြပ်ခဲ့သည်။

ယင်းသို့ စည်းကြပ်ခြင်းသည် ပထမဆုံးအကြိမ်လုပ်ဆောင်ခြင်း ဖြစ်ပြီး မကြာသေးမီက အမေရိကန်ဘက်မှ အိန္ဒိယပို့ကုန်များကို အခွန်တိုးမြှင့်ပြီး နောက်ဆက်တွဲ ဖြစ်ပေါ်လာခြင်းလည်း ဖြစ်သည်။

သံမဏိ၊အလူမီနီယံကုန်ပစ္စည်းများအပေါ်အမေရိကန်နိုင်ငံက အခွန်အစည်းကြပ်မှုကို လက်တုန့်ပြန်သည့်အနေဖြင့် အိန္ဒိယက ပြီးခဲ့သောနှစ် ဇွန်လတွင် အဆိုပါအခွန်စည်းကြပ်မည့်အမည်စာရင်းကို သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယအနေဖြင့် အမေရိကန်နှင့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်လိုရာ အခွန်စည်းကြပ်မည့်ကာလကို အကြိမ်ပေါင်းများစွာ ရွှေ့ဆိုင်းပေးခဲ့သည်။ သို့သော် ဇွန်လ ၅ ရက်တွင် အမေရိကန်အစိုးရက အိန္ဒိယသည် သင့်တင့်မျှတသည့် စျေးကွက်ဝင်ရောက်မှုအာမခံချက် မပေးနိုင်ဟု အကြောင်းပြကာ အိန္ဒိယ၏ အကောက်ခွန် သက်သာခွင့် (GSP)ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။

ထို့နောက် အိန္ဒိယဘက်မှလည်း အမေရိကန်သွင်းကုန်အချို့ကို အခွန်တန်ပြန်စည်းကြပ်ကာ အင်အားပြိုင်ဆိုင်ခဲ့ပြီး ကုန်သွယ်ရေးတင်းမာမှုများ ဖြစ်ပေါ်လာခဲ့သည်။

Ref: Bangkok Post

Leave a Reply