မော်လမြိုင်၊ ဇွန် ၁၈

မြန်မာနိုင်ငံထွက် မတ်ပဲ၊ ပဲတီစိမ်း အပါအဝင် ပဲစင်းငုံ တန်ချိန်  ငါး သိန်း ကို အိန္ဒိယနိုင်ငံသို့ ဇွန် ၁၃ ရက်မှ စ၍ တင်သွင်းခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း မွန်ပြည်နယ် ပဲ၊နှမ်းကုန်သည်အသင်းမှ အတွင်းရေးမှူး ဦးကျော်ခိုင်မြင့်က ဟင်္သာဒီယာသို့ အတည်ပြု ပြောကြားသည်။

ပဲ တင်သွင်းခွင့်ကို ဇွန် ၁ ရက်မှ စ၍ ခွင့်ပြုမည်ဟု အိန္ဒိယ အစိုးရက ထုတ်ပြန်ထားသော်လည်း ပဲတင်ပို့ခွင့်(Inport)လိုင်စင်ကို ၎င်းတို့နိုင်ငံ၏ နိုင်ငံခြားကူးသန်း ရောင်းဝယ်ရေးဌာနက ဇွန် ၁၂ ရက် နေ့လည် ၁၂ နာရီမှသာ အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

 “သူတို့ကလည်း ကျွန်တော်နိုင်ငံက ပဲဈေးကွက်အခြေအနေကို စောင့်ကြည့်နေတာ၊ ပဲဈေးကထပ်ကျနိုင်မလား ပေါ့၊ ကျွန်တော်တို့ကလည်း သူတို့နိုင်ငံရဲ့ အခြေအနေကို စောင့်ကြည့်နေတယ်၊ အဲဒါနဲ့ပဲ နောက်ကျနေတာ”ဟု ဦးကျော်ခိုင်မြင့်က ဆိုသည်။

ပဲလုပ်ငန်းရှင်များ အနေဖြင့် ပဲဈေးနှုန်းများ ကျဆင်းလာသောကြောင့် အိန္ဒိယနိုင်ငံသို့ ပဲတင်ပို့ခွင့်ကို စိတ်ဝင်စားမှုမရှိကြောင်း ၎င်းက ပြောသည်။

ပဲတင်သွင်းရာတွင် ပဲစင်းငုံ တန်ချိန် နှစ်သိန်း၊ မတ်ပဲ တန်ချိန် တစ်သိန်းခွဲ နှင့် ပဲတီစိမ်း တန်ချိန် တစ်သိန်းခွဲ တင်သွင်း ခွင့်ပြုထားသည်။

မွန်ပြည်နယ်တွင် ပဲတီစိမ်းနှင့် မတ်ပဲကို မော်လမြိုင်၊ ချောင်းဆုံ၊ ကျိုက်မရောနှင့် ပေါင်မြို့နယ်တို့တွင် အဓိကစိုက်ပျိုးနေသည်။

ယခုအခါ မော်လမြိုင် ဈေးကွက်၌ မတ်ပဲ တစ်တန်လျှင် ၄၉၆ ဝဝဝ ကျပ်၊ တစ်ပိဿာလျှင် ၈၁ဝ ကျပ် ပေါက်ဈေးရှိနေပြီး ဇွန်လပထမအပတ်နှင့် နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ၅၀ ကျပ်အထိ ကျဆင်းလာခဲ့သည်။
ပြည်ပနိုင်ငံသို့ တင်ပို့ရောင်းချမှုသည့် နိုင်ငံဝင်ငွေတိုးပွားစေရန်သာမက ပြည်တွင်းရှိ တောင်သူများ အဆင်ပြေမည့်ဖြစ်သောကြောင့် ဈေးနှုန်းအတက်အကျကို စောင့်ကြည့်သင့်ကြောင်း ချောင်းဆုံမြို့နယ်မှ ပဲစိုက်တောင်သူ ဦးမင်းသူက ပြောသည်။

“ကျွန်တော်တို့ကတော့ လက်ငင်းပဲရောင်းနေတယ်၊ မတင်ပို့ဘူးလားဆိုတော့ သူတို့ပေးတဲ့ဈေးကနည်းတယ်လို့ ကြားတယ်၊ ဈေးတက်လာမယ်၊ ကျွန်တော်ရောင်းနိုင်တဲ့ဈေးရောက်လာရင်တော့ ကျွန်တော်တင်သွင်း ဖို့ရှိပါတယ်”ဟု ၎င်းက ပြောသည်။

Written by ထိုက်ထိုက်

Leave a Reply