Advertisements

မော်လမြိုင်၊ မေ

အိန္ဒိယသို့ ၂ဝ၁၈ ဇွန် ၁ ရက်မှ သြဂုတ်လကုန်အထိ မြန်မာနိုင်ငံမှ မတ်ပဲ၊ ပဲတီစိမ်း အပါအဝင် ပဲစင်းငုံ တန်ချိန် ငါး သိန်း တင်သွင်း ခွင့်ရသွားပြီ ဖြစ်ကြောင်း မွန်ပြည်နယ် ပဲ၊နှမ်းကုန်သည်အသင်း အတွင်းရေးမှူး ဦးကျော်ခိုင်မြင့်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

ပဲ တင်ပို့ ခွင့်လိုင်စင်ကို မေ ၁၂ ရက်မှ စ၍ မေလ ၂၅ ရက် နယူးဒေလီ စံတော်ချိန် ည ၆နာရီ နောက်ဆုံး ထား လျှောက်ထားကြရမည်ဖြစ်ပြီး၊ တင်ပို့ ခွင့်ရသူများသည် သြဂုတ်လကုန်၌ တန်ချိန်ပြည် တင်သွင်းပေးပို့ ရမည်ဟု ပြောသည်။

“ဒီအခွင့်အရေးက နိုင်ငံအတွက် တကယ့်ကောင်းတယ်၊ ကုန်သည်တွေ၊ တောင်သူတွေကိုလည်း ဒီရက်ပေါင်း ၉ဝ အတွင်းမှာ တင်သွင်းမှ ဈေးကောင်းရမှာဆိုတော့ အချိန်မဆွဲစေချင်ဘူး”ဟု ဦးကျော်မြင့်ခိုင်က ဆိုသည်။

မြန်မာနိုင်ငံအတွင်းရှိ ပဲစင်းငုံဈေးနှုန်းသည် အိန္ဒိယနိုင်ငံမှ ပေးသည့် ဈေးနှုန်းထက် မြင့်တက်နေသောကြောင့် တင်သွင်းရန် ခက်ခဲ ရှိနိုင်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

ပဲတင်သွင်းရာတွင် ပဲစင်းငုံ တန်ချိန် နှစ်သိန်း၊ မတ်ပဲ တန်ချိန် တစ်သိန်းခွဲ နှင့် ပဲတီစိမ်း တန်ချိန် တစ်သိန်းခွဲ တင်သွင်း ခွင့်ရမည်ဖြစ်သည်။

ပဲ တင်သွင်းခွင့် လျှောက်ထားမှုကို တောင်သူများ အချိန်မီ သိရှိစေရန် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြန်ဆုံး ထုတ်ပြန် ပေးသင့်ကြောင်း ချောင်းဆုံမြို့နယ်မှ ပဲကုန်သည် ဦးစောမြင့်က ပြောသည်။

“အခုအချိန်ထိ တောင်သူတွေက သေချာ မသိသေးဘူး၊ ယုံတစ်ဝက် မယုံတစ်ဝက်ဖြစ်နေတယ်၊ ဝန်ကြီးဌာနတွေကလည်း အချိန်မီ ထုတ်ပြန်သင့်တာပေါ့၊ လျှောက်လွှာတင်လို့မီအောင်”ဟု ၎င်းက ဆိုသည်။

အိန္ဒိယသို့ ပဲတင်သွင်းခွင့် ရရှိမည်ဟူသော သတင်းများကြောင့် ပဲဈေးနှုန်း မြင့်တက်လျက်ရှိပြီး ယခင်က မတ်ပဲ တစ်ပိဿလျှင် ကျပ် ၆၅၀ သာ ရှိခဲ့ရာမှ လက်ရှိတွင် တစ်ပိဿလျှင် ကျပ် ၇၉၀ ကျပ်အထိ ပေါက်ဈေးရှိနေသည်။

ထို့အတူ ပဲတီစိမ်းနှင့် ပဲစင်းငုံဈေးနှုန်းမှာလည်း ယခင်ထက် တစ်ပိဿလျှင် ကျပ် ၁၀၀ ခန့် ဈေးမြင့်တက်လာသည်။
ထိုက်ထိုက်

Advertisements
<

Leave a Reply