အိန္ဒု -ကော့ကရိတ် လမ်းစီမံကိန်း လျော်ကြေးကိစ္စ အားနည်းချက်များ ရှိကြောင်း အရပ်ဖက်အဖွဲ့အစည်း ဝေဖန်

ဘားအံ၊ မတ်

အာရှဖွံ့ဖြိုးမှုဘဏ် (ADB)ချေးငွေဖြင့် တရုပ် လမ်းဖောက်လုပ်ရေး ကုမ္ပဏီ – CRBC က အဆင့်မြှင့်တင်လျက်ရှိသော အိန္ဒု-ကော့ကရိတ်လမ်းပိုင်းမှ မြေယာထိခိုက်မှုများအတွက် ဒေသခံတို့ထံ လျော်ကြေး၊ နစ်နာကြေးများ ပေးရာတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ EIA/SIA စံနှုန်းများအတိုင်း လိုက်နာဆောင်ရွက်မှု အားနည်းချက်များ ရှိနေကြောင်း ယင်းလမ်းစီမံကိန်းဆိုင်ရာ ၂၄ရွာ စောင့်ကြည့်ရေးကော်မတီမှမန်းသိန်းဇော်က ဝေဖန်လိုက်သည်။

ယင်းအပြင် အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးဆောင်ဆောင်ရွက်စေလိုကြောင်း ၎င်းက ဆန္ဒပြုပြောဆိုခဲ့သည်။

“ပြည်နယ်အစိုးရကို ပြောချင်တာကတော့ ကျနော်တို့ ကရင်ပြည်နယ်မှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်တဲ့အခါမှာ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ သဘာဝပတ်ဝန်းကျင် EIA,SIA အပိုင်းနဲ့ ပတ်သက်ပြီးတော့မှ လေးစားလိုက်နာပြီးတော့ လုပ်ဆောင်တဲ့ ကုမ္ပဏီတွေကို ရွေးစေချင်တယ်။ လေ့လာစောင့်ကြည့်တာတွေကို စနစ်တကျ လုပ်စေချင်တယ်။ ကျနော်တို့ ဒေသခံအရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်စေချင်တယ်”ဟု မန်းသိန်းဇော်က ပြောသည်။

၂၄ရွာ ကော်မတီမှာ သွီး လူထုအခြေပြု လူမှုကွန်ယက် ဦးဆောင်မှုဖြင့် လမ်းစီမံကိန်းနှင့် လျော်ကြေး၊နစ်နာကြေးဆိုင်ရာများအပေါ် စောင့်ကြည့်နေသော အရပ်ဖက်လူမှုအဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်တာဝန်ရှိသူများနှင့် ပြည်နယ် ဆောက်လုပ်ရေးရုံးခန်းမ၌ ၃ ကြိမ်တွေ့ဆုံ၍ တင်ပြဆွေးနွေးမှုများ ပြုလုပ်ထားသည်။

လမ်းစီမံကိန်းတွင် ထိခိုက်နစ်နာသူ၊ ကျုံဒိုး ဒေသခံ စောတယော်ကလည်း ပြည်နယ်အစိုးရအနေဖြင့် အထက်ပါကော်မတီအပါအဝင် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဒေသခံတို့အတွက် ကဏ္ဍအလိုက် ဆောင်ရွက်မည်ကို လိုလားကြောင်း၊ အကြံပြုလိုကြောင်း ပြောဆိုသည်။

မြေယာ လျော်ကြေး၊ နစ်နာကြေးများကို ဒေသခံများထံ ကုမ္ပဏီက ၂၀၁၇ အောက်တိုဘာ ပထမပတ်တွင် ပထမအကြိမ်အဖြစ် ငွေကျပ် ၆၇၆ သန်း၊၂၀၁၈ ဖေဖော်ဝါရီ စတုတ္ထပတ်၌ ဒုတိယအကြိမ်အဖြစ် ငွေကျပ် ၁၁၁၅ သန်း ပေးအပ်ခဲ့သည်။

စီမံကိန်းမှာ ယခုနှစ်ပွင့်လင်းရာသီတွင် လမ်းလုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့ပြီး ၄၈ ပေအကျယ် ကွန်ကရစ်ကတ္တရာလမ်း ဖောက်လုပ်ကာ လိုအပ်သောနေရာများတွင် တံတားအသစ်ဖောက်လုပ်ခြင်းနှင့် လမ်းတိုးချဲ့ခြင်းများကို လုပ်ဆောင်၍ ၂၀၂၀ ပြည့်နှစ်တွင် အပြီးသတ် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မဟာမဲခေါင်စီးပွားရေးစင်္ကြန်လမ်းပိုင်းဖြင့် ချိတ်ဆက်ကာ နိုင်ငံတကာနှင့် စီးပွားရေး၊ ရင်းနှီးမြုပ်နှံမှု၊ ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းများအတွက် အရေးပါသော လမ်းစီမံကိန်းဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံ ဒါနမ်းမြို့မှ ရန်ကုန်အထိ ခရီးပေါက်မည့်လမ်းပိုင်းဖြစ်ကြောင်း အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးဝင်းလွင်က ပြောသည်။

Written by ရာဟု (ဖားအံ)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်