Advertisements

နာမည်ကျော် အဆိုတော် အိမ့်ချစ်က သူ၏ ဖြစ်ရပ်မှန်ဘဝဇာတ်ကြောင်းကို ရုပ်ရှင်အဖြစ် ရိုက်ကူးရန်လိုအပ်ချက်များအတွက် ကူညီပေးမည့်သူအားရှာရမည်ဖြစ်ကြောင်း ပြောသည်။

” အဲဒါကတော့ အိမ့်ချစ်ရဲ့ဆန္ဒပါ၊ မဆုံးဖြတ်ရသေးပါဘူး။ ကိုယ်က ရုပ်ရှင်လောကက မဟုတ်တဲ့အခါကျတော့ ကိုယ့်အတွက် အခက်အခဲတွေက အများကြီးရှိနိုင်တယ်လေ။ နောက်တစ်ခုက ရုပ်ရှင်တစ်ကားရဲ့ ကုန်ကျစရိတ်ကိုလည်း အိမ့်ချစ်မသိဘူး။ ကိုယ်က ရုပ်ရှင်လောကက လူတွေနဲ့ ခင်ရုံပဲခင်တာပါ၊ အလုပ်ထဲထဲဝင်ဝင် မလုပ်ဖူးတဲ့အခါကျတော့ ကိုယ့်ကို တကယ်အစအဆုံး ကူညီနိုင်မယ့်လူကိုလည်း ရှာရဦးမှာပေါ့နော်။ နောက်တစ်ခုက အိမ့်ချစ်တို့မိသားစုက နာမည်ရှိထားတဲ့ မိသားစုတစ်စုဖြစ်တော့ ထုတ်မပြသင့်တဲ့ တချို့အကြောင်းအရာမျိုးတွေရှိတယ်။ အဲ့ဒါမျိုးတွေဆိုရင် ချန်လှပ်ထားဖို့တွေ၊ သူတစ်ပါးပညာရစေမယ့် အကြောင်းအရာမျိုးဆိုရင်တော့ ထည့်ပြီးတော့ရိုက်ဖို့တို့၊ ဇာတ်ညွှန်းကောင်းကောင်းလေးလုပ်ဖို့တို့ စသဖြင့် သေသေချာချာလေး တိုင်ပင်ပြီး လုပ်သွားဖို့တော့ရှိပါတယ်။ ဒါပေမဲ့ ၂၀၁၈ ထဲမှာတော့ မဖြစ်သေးပါဘူး။ ” ဟု အိမ့်ချစ်ကပြောသည်။

တေးသံရှင်အိမ့်ချစ်သည် ငယ်စဉ်က မိသားစုနှင့် တကွဲတပြားနေရသဖြင့် သူကဲ့သို့ ကလေးများစွာ လည်း ရှိနေသောကြောင့် မိသားစုပြိုကွဲမှုကြောင့် ခံစားရသည့်ခံစားချက်၊ လောကဓံရိုက်ချက်များကြောင့်ရရှိခဲ့သော စိတ်ဒဏ်ရာများကို ပြန်လည်ကုစားပြီး အောင်မြင်မှုများရအောင်ကြိုးစားရပုံများကို ပညာပေးအနေဖြင့်ရိုက်ကူးချင်ကြောင်း သိရသည်။

” အိမ့်ချစ်က ကိုယ့်ရဲ့ဘဝဇာတ်ကြောင်းကို အဓိကပြချင်တာ မဟုတ်ဘူး။ အိမ့်ချစ်က Broken Family ဖြစ်နေတဲ့အတွက် ကိုယ့်လိုပဲ အပြင်မှာလည်း မိသားစု တကွဲတပြားနဲ့နေရတဲ့ ကလေးတွေ အများကြီးရှိတယ်။ အဲ့ဒီလို ကလေးတွေရဲ့ မိသားစုပြိုကွဲသွားရင် ခံစားရတဲ့ခံစားချက်၊ မိသားစုတစ်စု ပြိုကွဲသွားပြီဆို စတင်ရိုက်ခတ်လာတဲ့ လောကဓံရဲ့ ရိုက်ချက်တွေကို ဘယ်လိုတွန်းလှန်မလဲ၊ ဘယ်လိုရုန်းကန်ကြမလဲ။ အိမ့်ချစ်လည်း မကျော်လွှားနိုင်ခဲ့တဲ့ လောကဓံတွေအများကြီးရှိသလို ကျော်လွှားနိုင်ခဲ့တဲ့ လောကဓံတွေလည်း အများကြီးရှိတယ်။ အဲ့ဒါတွေ အကုန်လုံးကို ကိုယ်နဲ့ သက်တူရွယ်တူပဲဖြစ်ဖြစ်၊ ကိုယ်ထက်ငယ်တဲ့ လူပဲဖြစ်ဖြစ် ပြန်ပြီးတော့ မျှဝေချင်တယ်၊ သိစေချင်တယ်။ ” ဟု အိမ့်ချစ်က ထပ်မံပြောသည်။

Written by Hinthar

Advertisements
<

Leave a Reply