ယခင်အစိုးရလက်ထက်အဆက်ဆက်က မတည်မငြိမ် မြင့်တက်ခဲ့သည့် ကုန်ဈေးနှုန်းမှာ ယခုနှစ်တွင်လည်း မြင့်တက်ရန်ပြင်ဆင်နေပြီဖြစ်သည်။
ယခုရက်ပိုင်းအတွင်း မော်လမြိုင်မြို့ဈေးကွက်အတွင်း ပေါ်ဆန်းဆန်များ ဧရာဝတီတိုင်းရှိ ဒေသအချို့နှင့် အထက်မြန်မာပြည်ဒေသအချို့တွင် ရေကြီးမြင့်မှုနှင့်အတူဈေးများ လိုက်လံမြင့်တက်လာခဲ့သည်။

IMG_7569-- copy

သြဂုတ်လဆန်းပိုင်းက ရွှေဘိုပေါ်ဆန်းဆန်တစ်အိတ်လျှင် ၄၄၀ဝ၀ ကျပ်သာပေါက်ဈေးရာမှ သြဂုတ်လ ၁၈ ရက်နေ့တွင် တစ်အိတ်လျှင် ၄၇၀ဝ၀ ကျပ်ဝန်းကျင်အထိဈေးမြင့်တက်နေပြီး ဧရာဝတီတိုင်းထွက်ဆန်များနှင့် အခြားကုန်စည်အချို့မှာလည်း ဈေးမြင့်တက်နေသည်။

“ရေကြီးမြင့်မှုတွေကြောင့် ဆန်ဈေးတွေကတက်တာပါ။ပြည်နယ်ထွက်ဆန်တွေကဈေးမတက်ပါဘူး”ဟု မွန်ပြည်နယ်အခြေစိုက် ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ပြီးခဲ့သော ၂၀၁၅ ခုနှစ်အတွင်းကသြဂုတ်လအတွင်းက ရေကြီးမြင့်မှုကြောင့် ဆန်ဈေးများမြင့်တက်ခဲ့ဖူးပြီး ယခုနှစ်တွင်လည်း ဆန်ဈေးများမြင့်တက်နေခြင်းဖြစ်သည်။
အခြေခံလူတန်းစားများပေါ် အဓိက သက်ရောက်ခံစားရလေ့ရှိသော ကုန်ဈေးနှုန်းမတည်မငြိမ်မှု ပြဿနာမှာ ယခင်အစိုးရလက်ထက်အဆက်ဆက် မဖြေရှင်းနိုင်ခဲ့သည့်ကိစ္စတစ်ခုဖြစ်ပြီး ယခုအစိုးရ ဆက်ဖြေဆိုရဦးမည့် မေးခွန်းဟောင်းတစ်ခုဖြစ်နေသည်။

အိမ်ရှင် မများ ၏ ဈေးခြင်း တောင်းအတွင်း မှ စားသောက်ကုန် များမှာ တဖြည်း မြင့် တက်လာ၍ လူမှုစား ရိတ် နှင့် ငွေကြေးဖောင်းဖွမှု နှုန်း မကာမိ သဖြင့် လူထုကား ကြပ်တည်း နေရသည် မှာ ဆယ်စုနှစ် နှစ် ဆက်မက တော့ပေ။

အထူးသဖြင့် မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံတစ်ခုဖြစ်သော်လည်း ဆန်စပါးအပါအဝင် စိုက်ပျိုးရေးထုတ်ကုန်များက နှစ်စဉ်ဈေးမြင့်တက်နေသည့် ကုန်စည်များတွင် ထိပ်ဆုံးက ပါဝင်လျက်ရှိသည်။

” ကြက်သွန်နီ၊ ကြက်သွန်ဖြူကအစ အကုန်လုံး ဈေးတွေလိုက်တက်ကြတယ်”ဟု အိမ်ရှင်မတစ်ဦးလည်းဖြစ်ပြီး သီရိမင်္ဂလာရပ်ကွက်အတွင်းနေထိုင်ပြီး မုန့်ဟင်းခါးရောင်းသူလည်းဖြစ်သည့် ဒေါ်ခင်မာချိုက ပြောဆိုသည်။

မုန့်ဟင်းခါးရောင်းသည့် ဈေးသည်တစ်ဦးအဖြစ်လုပ်ကိုင်သည်မှာကြာမြင့်နေပြီဖြစ်သည့် ဒေါ်ခင်မာချိုက ဈေးမြင့်တက်လာခြင်းကြောင့် မုန့်ဟင်းခါးတစ်ပွဲလျှင် ပြီးခဲ့သောနှစ်က ကျပ် ၁၅၀ ခန့်ဖြင့် ရောင်းချရာမှ ယခု အခါ ၂၀ဝ ကျပ် အထိဈေးမြှင့်ရောင်းချလာရကြောင်း ဖြည့်စွက်ပြောဆိုသည်။

“အဲဒါတောင်မှ ကိုယ့်အတွက်က ကျန်ဖို့က အနိုင်နိုင်ပဲ။ အကုန်လုံးက ဈေးတက်တာကိုး” ဟု သားသမီလေး ယောက်၏ မိခင်လည်းဖြစ်သူ ၎င်းက စိတ်ပျက်လက်ပျက်ဆိုသည်။ ယခုရက်ပိုင်းအတွင်း ဈေးမြင့် တက်နေ သည့်ကုန်စည်များတွင် ကုန်ခြောက်များသာမက ငရုတ်သီးစိမ်းနှင့် သံပုရာသီးစသည့် ကုန်စိမ်းများပါ ဈေးမြင့် တက်လျက်ရှိပြီး ကျိုက်မရောနှင့် ရေးမြို့နယ်တို့ရှိ စိုက်ပျိုးရေးလုပ်ငန်းရှင်များထံမှ သိရသည်။
bza

ယခင်အစိုးရလက်ထက်တွင်လည်း ကုန်ဈေးနှုန်းများက တိုးမြဲတိုးခဲ့သည်။ယခုအစိုးရလက်ထက်တွင်လည်း တိုးမြဲဆက်တိုးရန် ပြင်ဆင်နေကြပြီဖြစ်ပြီး ယင်း၏ အကျိုးဆက်ကို အဓိက ခံစားရသည်မှာ အခြေခံလူတန်းစား များပင်ဖြစ်သည်။

အထူးသဖြင့် ဝင်ငွေတိုးတက်ရရှိရန် အခွင့်အလမ်းမရှိသူများ၊လက်လုပ်လက်စားသမားများနှင့် ပင်စင်စားများ အပါအဝင် မိသားစုများပြားသူများမှာ ယင်းဒဏ်များကို ခါးစည်းခံရမည်ဖြစ်ပြီး အခြားဝန်ထမ်းမိသားစု များမှာလည်း ပြေးမလွတ်သူများထဲတွင် ပါဝင်ကြသည်။

“ရေမြင့်ရင် ကြာမြင့်သလို လစာကတိုးလိုက် ကုန်းဈေးနှုန်းကတက်လာလိုက်နဲ့ အဆင်ကိုမပြေဘူး”ဟု မော်လမြိုင်မြို့၊ သီရိမင်္ဂလာရပ်ကွက် ရှစ်လမ်းအတွင်း နေထိုင်သည့် အိမ်ရှင်မတစ်ဦးက ပြောဆိုသည်။
ကြပ်တည်းမှု၏ နောက်ဆက်တွဲမှုတွင် အခြားအရပ်ဒေသများသို့ ရွေ႔ပြောင်းလုပ်သားများအဖြစ် ပြောင်းရွှေ့ လာခြင်းနှင့် ပြည်ပနိုင်ငံများသို့ထွက်ခွာအလုပ်လုပ်ခြင်းများအထိပါ ဆက်လက်ဖြစ်ပေါ် လာလေ့ရှိသည်။

အကျိုးသက်ရောက်မှု ကြီးမားသော ကုန်ဈေးနှုန်းမြင့်တက်ရခြင်း၏ အကြောင်းအရင်းများမှာလည်း စုံလင်ကြသည်။
“ကုန်ဈေးနှုန်းတက်တဲ့ အကြောင်းတွေကတော့ စုံနေတာပဲ။တက်ရတဲ့အကြောင်းအရာကလည်းစုံတယ်”ဟု စီးပွားရေးမူဝါဒရေးရာပညာရှင် ဒေါက်တာအောင်ကိုကိုက သုံးသပ်ပြောဆိုသည်။

အပူချိန်မြင့်တက်ပြီး ရေရှားပါးပါကလည်း စိုက်ပျိုးရေးသီးနှံများမှာ ဈေးနှုန်းမြင့်တက်မည်ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးမြင့်ပါကလည်း ဆန်စပါး၊ကြက်သွန်အစရှိသည်များမှာ ဈေးနှုန်းများ မြင့်တက်ပြန်သည်။
ပြည်ပမှတင်သွင်းရသည့် လူသုံးကုန်များ၊စက်သုံးဆီများနှင့် အခြားသွင်းကုန်များမှာလည်း ပြည်တွင်းငွေကြေး တန်ဖိုးကျဆင်း၍ ဒေါ်လာဈေးမြင့်တက်ခြင်းကြောင့် ဈေးမြင့်တက်လေ့ရှိပြန်သည်။

ထို့အပြင် ပြည်တွင်း၌ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများခက်ခဲလာခြင်း၊ နယ်စပ်ဒေသများတွင် မငြိမ်မသက်များဖြစ်ပေါ်လာခြင်းတို့အပြင် ဝန်ထမ်းလစာများတိုးမြှင့်ပေးမည်ဆိုပါကလည်း ကုန်စည်များမှာ ဈေးနှုန်းများ လိုက်လံမြင့်တက် လာမည်ဖြစ်သည်။
အကြောင်းအရင်းမျိုးစုံနှင့်ဈေးနှုန်းတက်ကြသော်လည်း ယခင်အစိုးရလက်ထက်များတွင် တူညီခဲ့သည်တစ်ခုမှာ ဈေးနှုန်းပြန်လည်ကျဆင်းရန်မှာမူ ခက်ခဲခြင်းဖြစ်ကြောင်း အိမ်ရှင်မများက ဆိုကြသည်။

ယင်းသို့သော အနေအထားနှင့်ပတ်သက်၍ ကျိုက်မရောမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်မင်းအောင်မွန်က ” ကျွန်တော်တို့နိုင်ငံက ထုံးစံအတိုင်းဖြစ်နေတယ်။ ကုန်ဈေးနှုန်းတွေက တက်ပြီးဆိုလည်းတက်ပြီ။ ကျပြီးဆိုလည်း သူများနိုင်ငံကကျတယ်။ ဒီမှာကမကျတော့ဘူး ” ဟု ထောက်ပြ ပြောဆိုသည်။
ခေတ်အဆက်ဆက်မကျဆင်းခဲ့သော ကုန်ဈေးနှုန်းပြဿနာကိုတော့ ယခုအစိုးရလက်ထက်တွင် ထိန်းညှိ ဖြေရှင်းပေးနိုင်ရန် ပြည်သူများက မျှော်လင့်လျက်ရှိကြသည်။
ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် စီးပွားရေးဖွံ့ဖြိုးအောင်လုပ်ဆောင်ရမည်ဖြစ်ပြီး ပြည်ထောင်စုအစိုးရ၏ မူဝါဒများနှင့်အဓိက သက်ဆိုင်နေသည်။

“အဲ့ဒါကို ဒီအစိုးရကလည်းငြိမ်အောင်တော့လုပ်နေတာပေါ့နော်။ လုပ်နေတယ်ဆိုပေမယ့် အစိုးရတစ်ခုထဲ လုပ်လို့မရဘူး။ စီးပွားရေးလုပ်ငန်းရှင်တွေလည်းပါတယ်” ဟု ပေါင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းက ရှင်းပြပြောဆိုသည်။

စီးပွားရေးမူဝါဒရေးရာပညာရှင် ဒေါက်တာအောင်ကိုကိုကတော့ လူသုံးကုန်၊စားသောက်ကုန်နှင့် အခြားကုန်စည်များကို တစ်စိုက်မတ်မတ်စောင့်ကြည့်မှုများပြုလုပ်သင့်ကြောင်း အကြံပြုပြောဆိုသည်။

“တစ်စိုက်မတ်မတ်စောင့်ကြည့်ပြီးရင် အဖြေရှာရမယ်”ဟု ၎င်းကဆိုသည်။

စိုက်ပျိုးရေးထုတ်ကုန်များဈေးနှုန်းတည်ငြိမ်ရေးအတွက်မူ စိုက်ပျိုးထုတ်လုပ်မှုအပိုင်းတွင် သဘာဝဘေး အန္တရာယ် ကိစ္စကို ပြည်ထောင်စုအစိုးရနှင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရများက ထည့်သွင်းစဉ်းစား သင့်ပြီဖြစ်ကြောင်း ပညာရှင်များနှင့် လုပ်ငန်းရှင်များကထောက်ပြပြောဆိုကြသည်။
စီးပွားရေးမူဝါဒရေးရာပညာရှင်များကမူ စိုက်ပျိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ အဆင့်မြင့် နည်းပညာများ အသုံးပြု၍ စနစ်တကျစိုက်ပျိုးနိုင်သည်အထိပံ့ပိုးရန်လိုအပ်ကြောင်း အကြံပြုပြောဆိုသည်။

ထို့အတူ ပြည်နယ်အစိုးရများကလည်း သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ဖြေရှင်းနိုင်ရန် ဆန်စပါးများ ကို သက်ဆိုင်ရာ ဒေသအတွက် သီးခြား သိုလှောင် ထားခြင်းနှင့် အချို့သီးနှံများကို စိုက်ပျိုးထုတ်လုပ်နိုင်ရန် လုပ်ဆောင်သင့်ကြောင်း လုပ်ငန်းရှင်များက ထောက်ပြပြောဆိုကြသည်။

” လက်ရှိရှိနေတဲ့ ကို့ကုန်သည်တွေနဲ့ ညိနှိုင်းပြီးတော့ တို့ပြည်နယ်အတွက် တစ်ပြည်နယ်လုံစာ ဘယ်လောက် ပေါ့။ တန်တစ်ထောင် တန်နှစ်ထောင် ဘယ်လောက်လိုလည်းဆိုတာ ကြိုဝယ်ထားကနေပြီးမှ ပုန်မှန်ဈေးကွက်ကနေပြီးတော့ ပြန်ရောင်းပေးပြီး အကုန်လုံးပူပေါင်းဆောင်ရွက်မှရမယ့်ကိစ္စပါ”ဟု သထုံမဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက အကြံပြုပြောဆိုသည်။

ထို့ပြင် သီးနှံထုတ်လုပ်မှုအပိုင်းများအတွက်လည်း ပြည်နယ်အတွင်း သုတေသနများပြုလုပ်သင့်ကြောင်းလည်း အကြံပြုပြောဆိုကြသည်။
” ကိုယ့် ပြည်နယ်မှာ Research (သုတေသန)က တအားအားနည်းတယ်။ တခြားပြည်နယ်မှာ စိုက်လို့ ရတယ်။ ဒီဘက်မှာရော စိုက်လို့မရဘူးလား။ အဲ့ဒါတွေအတွက် သုတေသနတွေလုပ်ရမယ် “ဟု ဦးအောင်ကျော်သူက ဆိုပြန်သည်။

မွန်ပြည်နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများအဓိကလုပ်ကိုင်သည့် မြို့နယ်တစ်ခုဖြစ်သော ကျိုက်မရောမြို့နယ် မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ မင်းအောင်မွန်ကမူ လယ်သမားများကို နည်းပညာပံ့ပိုးပေးသင့်ကြောင်း ထောက်ပြပြောဆိုသည်။

“ဒီစပါးပေါ်မှာ အဓိကလယ် သမားတွေ နွေစပါးတွေစိုက်ပျိုးမှုကာ အရင်တုန်းကထက်စာရင် လက်ရှိပိုပြီးတော့ နည်းလာတာတွေ့ရတယ်။ အဓိကရေတွေမြောင်းတွေ ရေရဖို့ အစိုးရအနေနဲ့ လုပ်ပေးသင့်တဲ့နေရာတွေ လုပ်ပေးသင့်တယ်” ဟု ၎င်းကဆိုသည်။

ထို့အတူ ပြည်ပမှတင်သွင်းနေရသည့်ကုန်စည်များတွင်လည်း စားသောက်ကုန်နှင့်အချို့သော လူသုံးကုန်များ ကို ပြည်နယ်အတွင်း အစားထိုးထုတ်လုပ်နိုင်ရန်လိုအပ်ပြီး အခြားစိုက်ပျိုးရေးနိုင်ငံများတွင် လုပ်ဆောင်နေသည် များကို လေ့လာသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုသည်။
“ကိုယ့်ပြည်နယ်မှာ အခြေခံစားသောက်လို့ ရတဲ့ ကုန်တွေထုတ်လုပ်သင့်တယ်။ နည်းပညာခေတ်ဖြစ်နေပြိးလေ ဘာကြောင့်လည်းဆိုတော့ အိုင်ဖုန်းထုတ်ခိုင်းနေတာ မဟုတ်ဘူး”ဟု သထုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ထပ်လောင်းပြောဆိုသည်။

လုပ်ငန်းရှင်များကမူ အချို့မဖြစ်မနေလိုအပ်နေသည့်ကုန်စည်များကို ပြည်တွင်း၌ ဖူလှုံမှသာ ပြည်ပသို့ တင်ပို့ခြင်းမျိုး ကိုလုပ်ဆောင်သင့်ပြီး လက်လီဈေးကွက်များအတွင်း ဈေးကစားသူများကိုလည်း စောင့်ကြည့်ဖော်ထုတ်သင့်ကြောင်း သတိပေးပြောဆိုသည်။

လက်ရှိအချိန်တွင်တော့ ကုန်ဈေးနှုန်းများမမြင့်တက်ရန် အစိုးရတာဝန်ရှိသူများကလည်း သက်ဆိုင်ရာ လုပ်ငန်းရှင်များ၊ ပညာရှင်များနှင့်ဆွေးနွေး၍ ထိန်းကျောင်းနိုင်ရန် လုပ်ဆောင်နေကြပြီဖြစ်သည်။

အစိုးရလက်ထက်အဆက်ဆက်က မဖြေရှင်းနိုင်ခဲ့သည့်ကိစ္စတစ်ခုဖြစ်သော ကုန်ဈေးနှုန်းမတည်ငြိမ်မှု ပြဿနာကို ယခုအစိုးရဖြေရှင်းနိုင်မည်လားဆိုသည်မှာစောင့်ကြည့်သွားရမည်ဖြစ်ပြီး ပြည်သူများကတော့ ဝင်ငွေနှင့်ထွက်ငွေမမျှတသော ပြဿနာကို စိတ်ပျက်နေကြပြီဖြစ်သည်။

မော်လမြိုင်မြို့၊မောင်ငံရပ်ကွက် ဝန်ထမ်းအိမ်ရာတွင်နေထိုင်သည့် အသက်၃၀ ကျော်အရွယ် အိမ်ရှင်မ တစ်ဦးကမူ ” ဈေးသွားရင်လည်းကုန်ပစ္စည်းတွေက ဈေးကြီးတယ် အိမ်မှာကကျောင်းသားတစ်ယောက်တွက် မုန့်ဖိုးကရှိသေး အစိုးရပေးတဲ့လစာနဲ့ ဘယ်လိုလောက်မှာလဲ “ဟု ရင်ဆိုင်နေရသည့် ကုန်ဈေးနှုန်းအကြပ်အတည်းကို ရင်ဖွင့်ပြောဆိုလေသည်။
baza

Leave a Reply