ကမ္ဘာ့ရေနံထုတ်လုပ်တင်ပို့မှုအများဆုံးနိုင်ငံများဖြစ်သောOPEC(အိုပက်)အဖွဲ့ဝင်နိုင်ငံများကနေ့စဉ် ရေနံထုတ် လုပ်မှုကိုလျှော့ချရန် သဘောတူညီပြီးနောက် ကမ္ဘာ့ရေနံစိမ်းဈေးများပြန်လည်မြင့်တက်လာကြောင်းဘန်ကောက်ပိုစ့်သတင်းဌာနကဖော်ပြထားသည်။

ooo

နေ့စဉ်ရေနံထုတ်လုပ်မှုကိုလျှော့ချရန် သဘောတူညီခဲ့ပြီးနောက် တစ်ရက် အကြာစက်တင်ဘာလ ၂၉ ရက်နေ့တွင် ဘရန့်ဒ်(Brent) ရေနံစိမ်းတစ်စည်လျှင် ခြောက်ရာခိုင်နှုန်းအထိဈေးမြင့်တက်လာပြီး ၄၉ ဒေါ်လာခန့်ပေါက် ဈေးရှိကြောင်း နိုင်ငံတကာသတင်းများကဖော်ပြကြသည်။

ရေနံထုတ်လုပ်တင်ပို့ရောင်းချသူများအဖွဲ့(OPEC )သည် စက်တင်ဘာလ ၂၈ ရက်နေ့ကအယ်လ်ဂျီးရီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သောအစည်းအဝေးတွင် ရှစ်နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ် အဖွဲ့ဝင်နိုင်ငံများ၏ နေ့စဉ်ရေနံထုတ်လုပ်မှုကိုလျှော့ချရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။

အီရန်၏ရေနံဝန်ကြီးဘီဂျန်ဇန်ဂါနက်ရှ်က အဖွဲ့ဝင်နိုင်ငံများအကြားသဘောတူညီနိုင်ခဲ့မှုနှင့်ပတ်သက်၍ “အိုပက်ဟာထူးခြားတဲ့ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့တာပါ”ဟုပြောဆိုသည်။

ယင်းသဘောတူညီမှုအရဆော်ဒီ၊ဗင်နီဇွဲလားနှင့် နိုက်ဂျီးရီးယားအပါအဝင် အဖွဲဝင်နိုင်ငံများသည် တစ်ရက်လျှင် ရေနံစည်ပေါင်း ၃၂ ဒသမ ၅ သန်းမှ ၃၃ သန်းအကြားသာထုတ်လုပ်ရမည်ဖြစ်ပြီးနိုဝင်ဘာလအတွင်း ပြုလုပ်မည့်အစည်းအဝေးတွင် ပိုမိုပြည့်စုံသည့် သဘောတူညီမှုကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်းရေနံဝန်ကြီးများကပြောကြားခဲ့သည်။

ထိုသို့ သဘောတူပြီးနောက်ပိုင်းအာရှနိုင်ငံများ၏ ကုန်သွယ်မှုများတွင်လည်းရေနံဈေးအနည်းငယ် မြင့်တက်ခဲ့ပြီးအခြားနိုင်ငံများတွင်လည်းရေနံဈေးများတိုးမြင့်လာကြောင်းဈေးကွက် စောင့်ကြည့် လေ့လာသူများကပြောဆိုကြသည်။

ကမ္ဘာ့ရေနံစိမ်းဈေးသည် ၂၀၁၅ ခုနှစ်တွင်း ကြီးမားသည့် ကျဆင်းမှုဖြစ်ပေါ်ခဲ့ရာဗင်နီဇွဲလားနှင့် ဆော်ဒီအပါအဝင် အိုပက်အဖွဲ့ဝင် နိုင်ငံများတွင် စီးပွားရေးအရနစ်နာမှုများဖြစ်ပေါ်ခဲ့သည်။

အိုပက်သည် ယင်းအချိန်မှစ၍ အဖွဲ့ဝင်နိုင်ငံများ၏ နေ့စဉ်ရေနံထုတ်လုပ်မှုကိုလျှော့ချရန် ဆွေးနွေးခဲ့သော်လည်းမအောင်မြင်ခဲ့ဘဲယခုနှစ်၊စက်တင်ဘာလအတွင်းအယ်လ်ဂျီးရီးယားနိုင်ငံတွင် ကျင်းပသောအစည်းအဝေးမှသာသဘောတူညီနိုင်ခဲဲ့့ခြင်းဖြစ်သည်။

Ref; BBC, AFP

Leave a Reply