မြန်မာပြည်သူလူထုအကြား အသုံးများတဲ့ စကားတစ်ခွန်းရှိပါတယ်။ “ငါ့မျက်နှာကို အိုးမဲမသုတ်နဲ့”ဆိုတဲ့ စကား ဖြစ်ပါတယ်။ အထူးသဖြင့် လူကြီးသူမများက သုံးနှုန်းလေ့ရှိပါတယ်။ မျက်နှာပျက်စရာ၊ အရှက်ရစရာကိစ္စများကို မလုပ်မိကြဖို့ ပြောဆိုဆုံးမလေ့ရှိပါတယ်။ အခုလည်း အဲဒီ့လူကြီးသူမများ သုံးနှုန်းလေ့ရှိတဲ့စကားကို ယူသုံးရ ပါဦးမယ်။အကြောင်းကတော့ ဟိုးနှစ်ပေါင်း ၄၀ဝ ကျော်ကတည်းက ရေအောက်မှာ နစ်မြုပ်ခဲ့ပြီလို့ဆိုတဲ့ ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးနဲ့ပတ်သက်ပြီး ဂုဏ်သိမ်ငယ်အောင် လုပ်ဆောင်လာကြတဲ့ဖြစ်ရပ်တွေ ရှိလာတဲ့ အတွက် ဖြစ်ပါတယ်။

drangon

ဓမ္မစေတီခေါင်းလောင်းကြီးကို ဒေါက်တာမျိုးမြင့်ဦးဆောင်တဲ့အဖွဲ့က ပထမအကြိမ်အဖြစ် ၁၉၈၇ ခုနှစ် ဇန်နဝါရီ ၂၈ ရက်မှာ ရှာဖွေခဲ့တယ်လို့ စာရေးဆရာချစ်စံဝင်းက ‘ဓမ္မစေတီခေါင်းလောင်းကြီး၏ အထောက်အထားများ’ ဆိုတဲ့ စာအုပ်မှာ ဖော်ပြထားပါတယ်။ အဲဒီ့စာအုပ်ထဲမှာပဲ ခေါင်းလောင်းကြီးကို ရှာဖွေဆယ်ယူနိုင်ဖို့အတွက် ကြိုးစားခဲ့မှုများကို ဖော်ပြထားပါတယ်။

ပက်စီဦးသိန်းထွန်းက ၁၉၈၉ ခုနှစ်မှာ ဒုတိယအကြိမ် ရှာဖွေဖို့ကြိုး စားခဲ့ပြီး ၁၉၉၇ ခုနှစ်မှာတော့ နိုင်ငံတော်က ဆယ်ယူဖို့ကြိုးပမ်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ၁၉၉၇ ခုနှစ် မတ်လ ၃ ရက်မှာတော့ နိုင်ငံတော်က ခေါင်း လောင်းကြီးဆယ်ယူရေးကော်မတီတစ်ရပ်ဖွဲ့စည်းကြောင်း၊ အောက်တိုဘာ ၈ ရက်မှာ ခေါင်းလောင်းကြီး ကို မီးရထားလမ်းခင်း၍ သယ်ယူဖို့ အင်းစိန်မီးရထားစက်ခေါင်းရုံမှာ အစည်းအဝေးပွဲကျင်းပ ကြောင်း၊ ၁၉၉၇ ခုနှစ် မှာ အမေရိကန်နိုင်ငံသား ဂျင်ဘလန့်က ရှာဖွေကြောင်း၊ ၁၉၉၈ ခုနှစ် မေလ ၉ ရက်မှ ၁၈ ရက်အထိ ဒေါ်ခင် အေးသိန်းနှင့်အဖွဲ့ ထပ်မံရှာဖွေရန်ကြိုးပမ်းခဲ့ကြောင်း၊ ၂၀ဝ၁ ခုနှစ် ဇန်နဝါရီလမှာ ခေါင်းလောင်းကြီးအကြောင်း ကို BBC News က သတင်းကြေညာကြောင်း၊ ၂၀ဝ၄ ခုနှစ် နိုဝင်ဘာ ၃ ရက်မှာ Dow Jones Intl News က ခေါင်းလောင်းကြီးသတင်းကို ကမ္ဘာသိကြေညာကြောင်း၊ ၂၀၁၀ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှာ စင်ကာပူအခြေစိုက် SD Mark Intt:LLP က ငွေကြေးစိုက်ထုတ်၍ ခေါင်းလောင်းကြီးကို ရှာဖွေလိုကြောင်း စာရေးသူထံဆက်သွယ် လာ၍ စာရေးသူက နိုင်ငံတော်သို့ တင်ပြကြောင်းဆိုပြီး ဖော်ပြထားပါတယ်။

ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေးကို လူထုကြားထဲ ကျယ်ကျယ်ပြန့်ပြန့် ချပြခဲ့တဲ့ ပထမဆုံးသောသူကတော့ ၂၀ဝ၄ ခုနှစ်မှာ ရာထူးကနေ ဖြုတ်ချပြီး ဖမ်းဆီးခံခဲ့ရတဲ့ တပ်မတော်ထောက်လှမ်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ခင်ညွန့်ဖြစ်တယ်လို့ Frontier Myanmar ရဲ့ ‘ခေါင်းလောင်း ရှာပုံတော်ဖွင့်ကြသူများ’ ဆောင်းပါး မှာ ဆိုထားပါတယ်။

အဲဒီ့ဆောင်းပါးမှာပဲ ၁၉၉၇ ခုနှစ် ဇူလိုင် ၁၉ ရက်(အာဇာနည်နေ့)မှာ ‘ဓမ္မစေတီခေါင်းလောင်းကြီးတည်နေရာကို အနီးစပ်ဆုံးဖော်ထုတ်ရရှိပြီ’ဆိုတဲ့ခေါင်းစဉ်နဲ့ ပြည်သူတွေကို စတင်မိတ်ဆက်ခဲ့တယ်လို့လည်း ဆိုပါတယ်။ မြန်မာ့နိုင်ငံရေးအကျပ်အတည်းတွေ့တဲ့အခါတိုင်း ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေးလုပ်ငန်းဆိုပြီး ပေါ်ထွက် လာတတ်တာဟာ ဆယ်စုနှစ်သုံးခုလောက်ရှိနေခဲ့ပြီလို့လည်း ဆောင်းပါးရှင်က ဆိုထားပါတယ်။ နိုင်ငံရေး လှည့်ကွက်တွေထဲမှာ မျောမပါသွားမိစေဖို့ သတိပေးချက်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ သတိပြုရမယ့် အချက်ဖြစ်ပါတယ်။

အဲဒီ့လိုနဲ့ နှစ်အနည်းငယ်ကြာတိမ်မြုပ်ပျောက်ကွယ်သွားခဲ့ရတဲ့ ဓမ္မစေတီခေါင်းလောင်း ရှာဖွေဆယ်ယူရေး လုပ်ငန်းစဉ်ဟာ သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက် ၂၀၁၄ ခုနှစ်ထဲမှာ အများပြည်သူ ကြား တစ်ဖန်ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ ဦးစံလင်းဆိုသူက ဦးဆောင်ရှာဖွေဖို့ ကြိုးပမ်း ခဲ့တာဖြစ်ပါတယ်။ ဦးစံလင်းဦးဆောင်တဲ့ ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေးလှုပ်ရှားမှုဟာ ပြည်သူအကြားကို တဖြည်းဖြည်းတိုးဝင်ရောက်ရှိလာခဲ့ပြီး သတင်းမီဒီယာအချို့ကိုပါ လွှမ်းမိုးသွားနိုင်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဓမ္မ စေတီခေါင်းလောင်းသတင်းစာရယ်လို့တောင် ခေါင်းစဉ်တပ်လှောင်ပြောင်ခံရတဲ့အထိ မီဒီယာဟာ ဦးစံလင်း ရဲ့ ဓမ္မစေတီခေါင်းလောင်းရှာဖွေဆယ်ယူရေးနောက်ကို ကောက်ကောက်ပါလိုက်ပါသွားခဲ့တဲ့ အထိဖြစ်ခဲ့ပါတယ်။

ခေါင်းလောင်းဆယ်ယူရေးမအောင်မမြင်ဖြစ်လာတဲ့အခါမှာတော့ ဦးစံလင်းဟာ နတ်နဂါးများက မကျေနပ်တဲ့ အတွက်လို့ ပြောဆိုလာခဲ့ပြီး နတ်နဂါးပူဇော်ပသမှုတွေပြုခဲ့ပါတယ်။ အနယ်နယ်အရပ်ရပ်မှာလည်း နဂါးဝင်ပူး သူတွေ အလျှိုအလျှိုပေါ်ထွက်လာခဲ့ပါတယ်။ ပြည်သူလူထုကြားမှာလည်း ဓမ္မစေတီခေါင်းလောင်း ရှာဖွေမှုနဲ့ ပတ်သက်ပြီး စိတ်ဝင်တစားရှိခဲ့ရာကနေ ပြက်ရယ်ပြုလာတဲ့အထိ ဖြစ်စေခဲ့ပါတယ်။ အဲဒီ့နောက် မကြာမီကာလ အတွင်းမှာပဲ ခေါင်းလောင်းရှာဖွေဆယ်ယူရေးကို ဦးစံလင်း လက်လျှော့သွားခဲ့ပါတယ်။

အဲဒီ့လို လက်လျှော့ပြီး တစ်နှစ်ကျော်အကြာ ပြီးခဲ့တဲ့လအတွင်းမှာတော့ ခေါင်းလောင်းကြီးကို ထပ်မံရှာဖွေ ဆယ်ယူမယ်ဆိုတဲ့ သတင်းစာရှင်းလင်းပွဲနဲ့အတူ ဦးစံလင်း အများပြည်သူကြားပြန်လည်ပေါ်ထွက်လာပါတယ်။ ဒီတစ်ကြိမ်မှာတော့ တိုင်းအစိုးရက ခွင့်မပြုခဲ့ပါဘူး။ ဦးသိန်းစိန်အစိုးရလက်ထက် ရှာဖွေခဲ့စဉ်တုန်းကတော့ တိုင်းအစိုးရက ခွင့်ပြုပေးခဲ့သလို လိုအပ်တဲ့စက်ယန္တရားများကိုပါ ငှားရမ်းသုံးစွဲခွင့်ပြုခဲ့ပါတယ်။

ဦးစံလင်း သတင်းစာရှင်းလင်းပွဲအပြီး သိပ်မကြာမီကာလဖြစ်တဲ့ ယခုလထဲမှာလည်း ဓမ္မစေတီခေါင်းလောင်း ကြီးနဲ့ပတ်သက်ပြီး သတင်းများ ထွက်ပေါ်ခဲ့ပြန်ပါတယ်။ အဲဒါကတော့ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် မောက္ကတော်ကျေးရွာအနီးမှာရှိတဲ့ ချင်းတွင်းမြစ်ထဲမှာ ဓမ္မစေတီခေါင်းလောင်းပေါ်မယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ မဟာမြိုင်သဲဖြူဆရာတော် ဦးပညာဇောတ၏ အိပ်မက်အရလို့ဆိုပါတယ်။

အခုတစ်ကြိမ်မှာလည်း ဒေသခံများက စိတ်ဝင်တစားရှိခဲ့ကြပြီး သွားရောက်စောင့်ကြည့်သူများနဲ့စည်ကား ခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်မြို့ရဲ့ မြစ်သုံးခွဆုံရာနေရာမှာ နစ်မြုပ်သွားခဲ့တဲ့ ဓမ္မစေတီခေါင်းလောင်းဟာ အထက်ပိုင်းချင်းတွင်းမြစ်ထဲမှာ ဘာကြောင့်ပေါ်ရမှာလဲဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး တုံ့ပြန်လာခဲ့ချိန်မှာတော့ ဦးစံလင်းလက်ထက်က ထင်ပေါ်ခဲ့တဲ့ နတ်နဂါးများက ပါဝင်ပတ်သက်လာခဲ့ပြန်ပါတယ်။ အဲဒီ့နတ်နဂါးများရဲ့ ဆောင်မမှုနဲ့ရောက်ရှိခဲ့တယ်လို့ဆိုပြန်ပါတယ်။

အဲဒီ့လိုနဲ့ မဏ္ဍပ်တွေထိုး၊ နဂါးစာတွေကြွေး၊ နဂါးဝင်ပူးသူပူးနဲ့ အုတ်အော်သောင်းနင်းဖြစ်ခဲ့ရပြန်ပါတယ်။ ဒီနေရာကိုလည်း ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်လာရောက်ကြည့်ရှုခဲ့ပါသေးတယ်။ ကလေးခရိုင်အုပ်ချုပ်ရေးမှူး ကတော့ ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့်နဲ့ ပြည်ထဲရေးဝန်ကြီးဟောင်း ဦးမောင်ဦးတို့ မဟာမြိုင်တောမှာ အဓိဋ္ဌာန်ဝင်၊ ဘုန်းကြီးဝတ်ဖို့ လာတာနဲ့ တိုက်ဆိုင်စွာပဲ ဆုံခဲ့တယ်လို့ ဆိုထားတာကို သတင်းတစ်ပုဒ်မှာဖတ် လိုက်ရပါတယ်။ ဒီလိုနဲ့ ပေါ်မယ်လို့ ပြောဆိုထားတဲ့နေ့ရက်တွေမှာလည်း ပေါ်မလာခဲ့တဲ့ခေါင်းလောင်း ဇာတ် လမ်းကတော့ လမ်းခုလတ်မှာ ဇာတ်သိမ်းခဲ့ပါတယ်။

အခုဆိုရင် အများပြည်သူကြားမှာ ဓမ္မစေတီခေါင်းလောင်းကြီးလို့ ဆိုလိုက်တာနဲ့ လောင်ပြောင်ပြက်ရယ်ပြုခြင်း များနဲ့သာ တင်ကျန်နေပါတယ်။ ဒါဟာ ခေါင်းလောင်းကြီးကို ရှာဖွေဖို့၊ ဆယ်ယူဖို့ကြိုးစားသူများရဲ့ တလွဲဆံပင် ကောင်းခြင်းများရဲ့ရလဒ်သာဖြစ်ပါတယ်။

အဲဒီလို ဓမ္မစေတီခေါင်းလောင်းကြီးနဲ့ပတ်သက်ပြီး လောင်ပြောင်ပြက်ရယ်ပြုခြင်းခံနေရတာနဲ့ပတ်သက်ပြီး မွန်သမိုင်းသုတေသနအသင်း တွဲဖက်အတွင်းရေးမှူးဖြစ်သူ နိုင်ရဲဇော်က “မွန်တွေရဲ့ ခေါင်းလောင်းဟာ ပြက်ရယ်ပြုခံရလာတယ်။ တိုင်းရင်းသား လူမျိုးတမျိုးအတွက် မကောင်းသလို တိုင်းရင်းသား စည်းလုံးမှုအတွက် လည်း မကောင်းဘူး”လို့ ပြောဆိုထားချက်ကို Frontier Myanmar မှာ ဖော်ပြထားပါတယ်။ ဓမ္မစေတီမင်းဟာ မွန်သမိုင်းမှာ အရေးပါတဲ့မင်းတစ်ပါးဖြစ်ပြီး ဓမ္မစေတီခေါင်းလောင်းဟာလည်း မွန်ယဉ်ကျေးမှုရဲ့ အထင်ကရ ဖြစ်ကြောင်း၊ မွန်တွေအထွတ်အမြတ်ထားရာခေါင်းလောင်းကြီးနဲ့ပတ်သက်ပြီး ခံစားချက်ကို ပြက်ရယ်မပြုဖို့ သတိပေးကြောင်းလည်း ပြောဆိုထားပါတယ်။

ဒီကနေ့ကာလဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် အလေးထားဆောင်ရွက်နေချိန်၊ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိဖို့ ကြိုးပမ်းနေချိန်၊ တစ်မျိုးသားလုံးသင့်မြတ်ရေးအတွက် စွမ်းဆောင်နေချိန်ဖြစ်ပါတယ်။ အဲဒီ့ လိုအချိန်မှာ သမိုင်းတန်ဖိုးကြီးမားတဲ့ ဓမ္မစေတီခေါင်းလောင်းကြီးကိုအကြောင်းပြုပြီး တစ်မြေတည်းနေ တစ်ရေ တည်းသောက်နေကြတဲ့ တိုင်းရင်းသားများအချင်းချင်းကြား၊ နိုင်ငံသားများအကြား စိတ်ဝမ်းကွဲစရာ၊ ပြက်ရယ် ပြုစရာ၊ လောင်ပြောင်စရာအဖြစ်မျိုးတွေ ထပ်မံဖြစ်ပေါ်မလာဖို့ အထူးသတိထားရမယ့်ကာလဖြစ်ပါတယ်။

ဓမ္မစေတီခေါင်းလောင်းကြီးဟာ နိုင်ရဲဇော်ပြောခဲ့သလိုပါပဲ မွန်လူမျိုးတွေ အထွတ်အမြတ်ထားရာဖြစ်သလို မြန်မာနိုင်ငံသားအားလုံးရဲ့ အထွဋ်အမြတ်လည်းဖြစ်ပါတယ်။ အဲဒီ့လိုတန်ဖိုးကြီးမားတဲ့အရာကို ပြက်ရယ်ပြု လောင်ပြောင်စေမယ့်လုပ်ရပ်များမလုပ်ကြစေလိုပါဘူး။ တစ်နည်းပြောရမယ်ဆိုရင်တော့ ဓမ္မစေတီခေါင်း လောင်းကြီးကို အိုးမဲမသုတ်ပါနဲ့။ နိုင်ငံသားတို့ရဲ့မျက်နှာကို အိုးမဲမသုတ်ပါနဲ့လို့သာဆိုချင်ကြောင်းပါ။

Leave a Reply