ဝါရှင်တန် မေ ၃၁

အီရန်နှင့် ကုန်သွယ်မှု ဆက်လက်ဆောင်ရွက်ပါက ဥရောပ မဟာမိတ်နိုင်ငံများကို အရေးယူ ပိတ်ဆို့မည်ဖြစ်ကြောင်း အမေရိကန်၊ ဒေါ်နယ်ထရန့် အစိုးရက ယခုလဆန်းပိုင်းတွင် သတိပေး ပြောကြားလိုက်သည်။

ယင်းသို့ ပိတ်ဆို့အရေးယူမှုနှင့် ဆန့်ကျင်သည့် ဆောင်ရွက်မှုများ ပြုလုပ်ပါက ဆိုးရွားသည့် အကျိုးဆက်များ ဖြစ်ပွားစေမည်ဖြစ်ကြောင်း၊ အမေရိကန် ငွေကြေးစနစ်တွင် မပါဝင်နိုင်သည်အထိ ဖြစ်ပွားနိုင်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောသည်။

အမေရိကန်နိုင်ငံက အီရန် နျူကလီးယားအရေး ဘက်စုံသဘောတူညီချက်မှ တစ်ဖက်သတ် နုတ်ထွက် ခဲ့ပြီး နောက် ပြင်သစ် ၊ ဂျာမနီ နှင့် ဗြိတိန် နိုင်ငံတို့က ယခုနှစ်ဆန်းပိုင်း တွင် အမေရိကန် ဦးဆောင်သည့် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးစနစ် နှင့် သီးခြား လည်ပတ်မည့် “ကုန်သွယ်ရေး ဆောင်ရွက်မှု ထောက်ပံ့ရေး ကိရိယာ” စနစ် INSTEX SAS (Instrument In Support Of Trade Exchanges) ကို ထူထောင်ခဲ့သည်။

ယင်းစနစ် က ဥရောပတိုက်ရှိ လုပ်ငန်း ကုမ္ပဏီ များအား အမေရိကန် ၏ အီရန် နိုင်ငံ အပေါ် တစ်ဖက်သတ် အရေးယူပိတ်ဆို့မှု ကို ကျော်ဖြတ်၍ အီရန် နိုင်ငံ နှင့် ဆက်လက်၍ ကုန်သွယ်မှု ဆောင်ရွက် နိုင်စေမည် ဖြစ်ကြောင်း သိရှိရသည်။

၂၀၁၅ ခုနှစ် ဇူလိုင်လတွင် အီရန် ၊ အမေရိကန် ၊ ဗြိတိန် ၊ ပြင်သစ် ၊ ရုရှား ၊ တရုတ်နှင့် ဂျာမနီ နိုင်ငံ တို့ က အတူတကွ အီရန်နျူကလီးယားအရေး ဘက်စုံသဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

သဘောတူညီချက် အရ အီရန် နိုင်ငံက နျူကလီးယား အစီအစဉ်များကို ကန့်သတ်သွားမည် ဖြစ်ပြီး နိုင်ငံတကာကလည်း အရေးယူပိတ်ဆို့မှုကို ပယ်ဖျက်ပေးရမည် ဖြစ်သည်။

၂၀၁၈ခုနှစ် မေလတွင် သမ္မတထရန့်ဦးဆောင်သည့် အမေရိကန်အစိုးရအဖွဲ့က သဘောတူညီမှုစာချုပ်မှ နုတ်ထွက်ခဲ့ပြီး အီရန်နှင့် ဆက်စပ်စီးပွားရေးလုပ်ကိုင်သည့် ဥရောပနိုင်ငံများကို ပိတ်ဆို့ရန် စတင်လုပ်ဆောင် ခဲ့သည်။

Ref: CNN

Leave a Reply