Advertisements

ရန်ကုန်၊ အောက်တိုဘာ(၃)ရက်။

အီးယူအဖွဲ့ဝင်နိုင်ငံများနှင့် မြန်မာနိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကာအကွယ်ပေးရေး သဘောတူစာချုပ် ချုပ်ဆိုရန် ဆွေးနွေးမှုရလဒ်များကို အများပြည်သူသို့ ချပြဆွေးနွေးသွားရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရှိရသည်။

အဆိုပါ သဘောတူစာချုပ်ပါ အချက်အလက်များကို သက်ဆိုင်ရာနိုင်ငံများ၏ ဝန်ကြီးဌာနများမှ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကာ အချက်အလက်အချို့အပေါ်  မြန်မာနိုင်ငံဘက်မှ ရှေ့နေချုပ်ရုံး၊ တရားသူကြီးချုပ်ရုံးတို့ရှိ ဥပဒေအကြံပေးများနှင့်လည်း ပြန်လည်ဆွေးနွေး ညှိနှိုင်းနေကြောင်း သိရသည်။

“ဒါနဲ့ပတ်သက်ပြီးတော့ ပြည်သူတွေကို ချပြရမှာပေါ့။ ကျွန်တော်တို့ အကြိမ်ကြိမ် ဆွေးနွေးပြီးတော့ ဆောင်ရွက် ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လောလောဆယ် ကျွန်တော်တို့ တိုးတက်မှုတော့ သိပ်မရှိဘူး။ ကျွန်တော်တို့ဆီက နေပြုစုတယ်။ စီမံကန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကနေ အစိုးရအဖွဲ့ အဲကနေ လွှတ်တော်ကို သွားရမှာပါ။ ဒါက သိပ်အရေးကြီးတဲ့စာချုပ်ဖြစ်နေတယ်။ ဒါကြောင့် အဆင့်ဆင့်သွားပါလိမ့်မယ်။”ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောသည်။

ရင်းနှီးမြှုပ်နှံမှုသဘောတူညီဆိုင်ရာစာချုပ်၏ ဆွေးနွေးမှုနှင့် သက်ဆိုင်သည့် လုပ်ငန်းစဉ်အားလုံးကို အကြမ်းဖျဉ်း အနေဖြင့် ၂၀၁၇ ခုနှစ်အတွင်း ညှိနှိုင်းမှုပြီးရန် မျှော်မှန်းထားပြီး အဆိုပါ နှစ်နိုင်ငံ သဘောတူစာချုပ်ကို ၂၀၁၈ ခုနှစ်၌ လက်မှတ်ရေးထိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။

အီးယူ-မြန်မာ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုသဘောတူညီမှု ဆိုင်ရာစာချုပ်၏ ဆွေးနွေးမှုရလဒ်များကို ၂၀၁၇ ခုနှစ် ဧပြီလကုန်ပိုင်းက အရပ်ဖက်အဖွဲ့အစည်းများ၊ လူမှု့အဖွဲ့အစည်းများသို့ ချပြဆွေးနွေးမှုများပြုလုပ်ခဲ့ရာ ဆွေးနွေးမှုရလဒ်များကို အများပြည်သူသို့ ချပြဆွေးနွေးမှုပြုလုပ်ရန် တောင်းဆိုထားခြင်းကြောင့် အများပြုသူများ ၏ အကြံပြုချက်များရယူရန်လည်း ဝက်ဆိုဒ်၌ တင်ပြထားပြီးဖြစ်ကာ ထပ်မံ၍ အများပြည်သူနှင့် တွေ့ဆုံဆွေး နွေးသွား မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ထက် အခြားနိုင်ငံက ပိုပြီးစဉ်းစားပါတယ်။ ကျွန်တော်တို့က လုပ်ချင်တယ်ဆိုရင်တောင် အခြား ကျွန်တော်တို့နဲ့ လုပ်မယ့်နိုင်ငံတွေက အကြောင်းတွေ အများကြီးတွက်ပြီးတော့ စဉ်းစားပါတယ်။ ဘယ်လိုမျိုး တိုင်းပြည်အတွက် အကျိုးရှိနိုင်လဲဆိုရင် အီးယူက ဥရောပသမဂ္ဂမှာ (၂၈) နိုင်ငံရှိတယ်။ ကျန်တဲ့နိုင်ငံတွေအား လုံးရဲ့ စိတ်ဝင်စားမှု ကျွန်တော်တို့ပိုရမှာပါ။ အမှန်ဆို အီးယူဆိုတဲ့ သူတို့အဖွဲ့ကနေ ကျွန်တော်တို့ကို ကြော်ငြာ ပေးတဲ့ သဘောဖြစ်ပါတယ်။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးတွေ ဥရောပသမဂ္ဂရဲ့ စံချိန်စံညွှန်းတွေ ဒါတွေကိုတော့ အများကြီးပါတာပေါ့။ ကျွန်တော်တို့ အချို့မသိတဲ့အချက်အလက်တွေကို သူတို့ချပြတော့ ကျွန်တော်တို့အနေနဲ့ ပြန်ဆွေးနွေးရတာရှိပါတယ်။”ဟု ဦးသန့်စင်လွင်က ဆက်ပြောသည်။

ပြည်ပနိုင်ငံများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာသဘောတူစာချုပ်ချုပ်ဆိုခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ပြဿနာများ ဖြစ်ပေါ်လာပါက အစိုးရအပေါ်ချုပ်ကိုင်မှုများရှိလာမည်ကို စီးပွားရေးလုပ်ငန်းရှင်အချို့မှ စိုးရိမ်မှု များရှိနေပြီး အဆိုပါရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြဿနာများဖြစ်ပေါ်လာပါက ရင်းနှီးမြှုပ်နှံမှုဖြေရှင်းရေးခုံရုံး၌ ဖြေရှင်း မှုများအရ အစိုးရကသာ အများဆုံးအနိုင်ရရှိကြောင်း သိရသည်။  

Advertisements
<

Leave a Reply