အုတ် အဝင် များ ၊ ဈေးနှုန်း ကျဆင်းနေ

မော်လမြိုင် ဖေဖော်ဝါရီ

မွန်ပြည်နယ် ဈေးကွက်တွင် အုတ် ဝင်ရောက်မှု ပိုမို များပြားလာသောကြောင့် အုတ်ဈေးနှုန်းမှာ ယခင်နှစ် ကာလတူထက် ကျဆင်းလျက်ရှိကြောင်း အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်သူအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

ဒေသအတွင်း တစ်နှစ်ထက် တစ်နှစ် သစ်ရှားပါးလာသည်နှင့်အညီ သစ် ဝါး အသုံးပြု အိမ်ရာအစား တိုက်တာ ဆောက်လုပ်မှု ပိုမိုများပြားလာကြသဖြင့် အုတ်ဝင်ရောက်မှုလည်း များလာကြောင်း မော်လမြိုင် ဇေယျာသီရိရပ်ကွက်မှ အုတ်လုပ်ငန်းရှင် ဦးအေးမောင်က ပြောသည်။

“အဓိကက လမ်းပန်းဆက်သွယ်ရေးတွေ အဆင်ပြေလာတော့ ဒေသတွင်းအုတ်ထက် အခြားဒေသက အုတ်တွေပါ ဝင်လာတယ်၊ အဲဒီတော့ ဒေသထဲမှာ အုတ်ဈေး ပေါက်ဈေးက အရင်နှစ်ထက် ပိုကျလာတာပေါ့”ဟု ၎င်းက ပြောသည်။

ယခင်နှစ် ကာလတူအချိန်တွင် အုတ်တစ်လုံးလျှင် ကျပ် ၆ဝ နှုန်းမျှဖြင့် ရောင်းချခဲ့သော်လည်း ယခုအခါ ကျပ် ၄ဝ နှုန်းသာ ပေါက်ဈေးရှိနေကြောင်း၊ မွန်ပြည်နယ်အတွင်း အုတ်လုပ်ငန်းကို ကျိုက်မရောမြို့နယ်၊ မော်လမြိုင်မြို့နယ်၊ ဘီလူးကျွန်း ချောင်းဆုံမြို့နယ်၊ ကျိုက်ထိုမြို့နယ် နှင့် ပေါင်မြို့နယ်တို့တွင် အဓိကလုပ်ကိုင်နေပြီး မော်လမြိုင်ဈေးကွက်အတွင်းသို့ ဝင်ရောက်မှု ပိုမိုများပြားလာကြောင်း ထပ်မံပြောသည်။

အုတ်ဈေးနှုန်းသည် လက်ရှိဖြစ်ပေါ်နေသော ရာသီဥတုအနေအထားနှင့် အုတ်လုပ်ငန်းအပေါ် မူတည်နေ သောကြောင့် ဈေးနှုန်း အတက်အကျကို ခန့်မှန်းရန်အတွက် ခက်ခဲနေကြောင်း ဖြည့်စွက် ပြောသည်။

ပွင့်လင်းရာသီတွင် ခရီးအနီးအဝေးအပေါ်မူတည်ပြီး အရောက်ပို့စနစ်ဖြင့် ပို့ဆောင်ရာတွင် အုတ်တစ်လုံးလျှင် ၆၂ကျပ် မှ ၆၅ကျပ်ရှိ ပေါက်ဈေးရှိခဲ့သော်လည်း ယခုနှစ်တွင် ၄၅ကျပ်သာ ပေါက်ဈေးရှိကြောင်း ချောင်းဆုံမှ အုတ်တင်ပို့ရောင်းချသူ ကိုမောင်မောင်ထွန်းက ပြောသည်။

“အရင်နှစ်ကဆိုရင် အုတ်ဖိုကယူတဲ့ဈေးနဲ့ အရောက်ပို့တဲ့ ခရီးအကွာအဝေးပေါ်မူတည်ပြီးတော့ ဈေးနှုန်းက ကွာတယ်၊ အခုက ဖိုထဲမှာကိုက ဈေးကကျနေတော့ အရင်နှစ်လောက်တော့ ဈေးမရတော့ဘူး”ဟု ၎င်းက ပြောသည်။

အုတ်ဈေးနှုန်းများ ကျဆင်းလာသောကြောင့် အုတ်သိုလှောင်ရောင်းချသူများအနေဖြင့် အခက်အခဲရှိနေပြီး အခြားဒေသမှ အုတ်များလည်း ဒေသအတွင်း လွယ်လွယ်ကူကူဝင်ရောက်မှုများရှိနေကြောင်း၊ အုတ်ဖို အချို့ မှာ ပိတ်သိမ်းထားရသည့် အခြေအနေရှိကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

ထိုက်ထိုက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.