မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၆ ။ ။ မွန်ပြည်နယ်၊ မုဒုံမြို့နယ် ဝက်တဲကျေးရွာအတွင်းရှိ အင်းတော်အင်းကို ကျေးရွာအုပ်ချုပ်ရေးမှူးက အကွက်ရိုက် ရောင်းချခဲ့သဖြင့် နွေရာသီတွင် ရေရှားပါးမှု အခက်အခဲဖြစ်နေကြောင်း ဝက်တဲဒေသခံများက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

“အရင်တုန်းက နွေရောက်ရင် တမံပိတ်ပြီး ရေလှောင်တဲ့အတွက် ရေအခက်အခဲမရှိဘူး၊ ဒီအုပ်ချုပ်ရေးမှူး လက်ထက်ရောက်တော့ နွေမှာ အင်းထဲကရေတွေကို ဖောက်ချပြီး ငါးပက်တယ်၊ တဖြည်းဖြည်းနဲ့ တိမ်လာတော့ အကွက်ရိုက်ပြီး ရောင်းစားလိုက်တာပဲ” ဟု ဝက်တဲရွာသား ဦးမောင်မြင့်က ပြောသည်။

စာသင်ကျောင်းပြုပြင်ရန်နှင့် ကျေးရွာလမ်းခင်းရန် ငွေလိုအပ်သောကြောင့် ၂ဝဝ၈ ခုနှစ်က မြေကွက်များဖော်ပြီး ရောင်းချခဲ့ခြင်းဖြစ်ကြောင်းနှင့် အင်းမြေကွက် ရောင်းရခြင်းမှ ရရှိသည့်ငွေများကို ကျေးရွာအတွင်း လိုအပ်သော နေရာများသို့ လှူဒါန်းမှုများပြုလုပ်ခဲ့ရာ စာသင်ကျောင်း အထွေထွေပြုပြင်ရန်အတွက် ငွေသိန်း ၃ဝ ကျပ်နှင့် လမ်းခင်းရန်အတွက် ငွေသိန်း ၂ဝ ကျပ်ကို သုံးစွဲခဲ့သည်ဟု ဝက်တဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးရွှေဝင်းက ဟင်္သာမီဒီယာသို့ ရှင်းပြသည်။
အင်းတော်အင်း၏ ဧရိယာအကျယ်အဝန်း ၁၄ ဧကကို နှစ်ပိုင်းခွဲ၍ အရှေ့ဘက်ရှိ မြေခုနှစ်ဧကကို ရေလှောင်ပြီး အနောက်ဘက်မှအင်း မြေခုနှစ်ဧကကို တစ်ကွက်လျှင် အလျား ရဝ ပေ၊ အနံ ၄၅ ပေ အကွက်နှင့် အလျား ပေ ရ၅ ပေ၊ အနံ ၄၆ ပေ အကွက်များအဖြစ် ဝက်တဲကျေးရွာနှင့် အနီးအနားကျေးရွာများသို့ ရောင်းချခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

“ဒီကိစ္စကို ၂ဝဝ၈ ခုနှစ်တုန်းက ရွာလုံးကျွတ် အစည်းအဝေးခေါ်ပြီး လုပ်ခဲ့တာဖြစ်တယ်၊ ဒါကိုအရင်က မတိုင်ပဲနဲ့ အခုမှ ပြောရေးဆိုခွင့်ရှိလို့ဆိုပြီး တိုင်တော့ ဘယ်လိုမှ လုပ်ပေးလို့ မရတော့ဘူး” ဟု ဦးရွှေဝင်းက ပြောသည်။

ယင်းကန့်ကွက်သည့် ကိစ္စရပ်များကို အစိုးရနှင့် ညှိနှိုင်းမှု လေးကြိမ်ခန့် ပြုလုပ်ခဲ့ပြီး အင်းမြေဧရိယာ ၁၄ ဧက ထဲမှ ခြောက်ဧကခွဲခန့်ကို ရေလှောင်ရန်ဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“အင်းကြီးကို ရောင်းစားဖို့ လုပ်တုန်းက ရွာသားတွေကို တိုင်ပင်ခဲ့တာမျိုးလည်း မလုပ်ခဲ့ဘူး၊ ဒီအင်းကို ရွာသားတွေက သဘာဝအတိုင်း ပြန်လိုချင်ပါတယ်၊ ဒီအင်းမရှိရင် အနီးအနားမှာရှိတဲ့ ဒေသခံတွေ ဒီနှစ် နွေရာသီ ရေအတွက် အလွန်အခက်အခဲဖြစ်ပါတယ်”ဟု ဦးမောင်မြင့်က ဆိုသည်။

အင်းမြေကွက်ရောင်းစားမှုနှင့် ပတ်သက်၍ ရွာသားများနှင့် သံဃာတော် ၃ဝဝ ဦးခန့်က ၂၀၁၄ ခုနှစ်က ဆန္ဒပြမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

Leave a Reply