အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ အငြင်းပွားမှုကို မြို့နယ်အဆင့်က စည်းဝေးဆုံးဖြတ်၍ ဖြေရှင်းမည်

ဘားအံ ၊ မတ် ၃၀

 

ဘားအံမြို့နယ်၊ ထုံးအိုင်ကျေးရွာတွင် အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကျေးရွာအတွင်း သဘောထားကွဲလွဲကာ အချေအတင် အငြင်းပွားခဲ့သည့်ကိစ္စအပေါ် မြို့နယ်အုပ်ချုပ်ရေးစီမံမှုကော်မတီက ဒေသခံများနှင့် မတ်လ ၂၉ရက်က လာရောက်တွေ့ဆုံဖြေရှင်းခဲ့ရာ အနိုင်၊ အရှုံးဆုံးဖြတ်ပေးနိုင်ခြင်းမရှိဘဲ မြို့နယ်အဆင့်တွင် အစည်းအဝေးပြုလုပ်၍ ဆုံးဖြတ်ချက်ရယူကာ ဖြေရှင်းပေးမည်ဟုသာ ပြောဆိုပြီး ပြန်လည် ထွက်ခွာသွားခဲ့သည်။

ယင်းကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲစခန်းမှူး၊ ရပ်မိရပ်ဖများနှင့် ရွေးချယ်ရေး ကော်မတီဝင်(၅)ဦးတို့ရှေ့မှောက်၌ မဲပေးကြရာ အုပ်ချုပ်ရေးမှူးလောင်း ဦးငြိမ်းချမ်းက ပြိုင်ဖက်အပေါ် (၃၁)မဲအသာဖြင့် အနိုင်ရရှိခဲ့သည်။ နောက်ပိုင်း ၂ရက်အကြာတွင် ကြီးကြပ်ရေးကော်မတီတွင် ပါဝင်သူ NLD ရပ်ကျေး တာဝန်ရှိသူက မဲရလဒ်ကိုအတည်မပြုနိုင်ဟုဆိုကာ မြို့နယ်ထွေ/အုပ်ရုံးသို့ တိုင်ကြားခဲ့ပြီး တိုင်ကြားစာအရ ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ရေးကော်မတီဝင် (၅)ဦးကို ခေါ်ယူမေးမြန်းခဲ့သည်ဟု သိရသည်။

သို့ဖြစ်ရာ ကော်မတီဝင်(၃)ဦးက တိုင်ကြားစာအတိုင်း မဲမှားယွင်းမှုရှိသည်ဟု ဖြေကြားခဲ့သောကြောင့် မြို့နယ်ထွေ/အုပ်အနေဖြင့် လူထုတွေ့ဆုံပွဲ လာရောက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း နှစ်ဘက်အငြင်းပွားမှုများကြောင့် အနိုင်၊ အရှုံး ဆုံးဖြတ်ပေးနိုင်ခဲ့ခြင်းမရှိဘဲ မြို့နယ်အဆင့်တွင် အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ်ချက်ရယူပြီးနောက် ဖြေရှင်းပေးမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းက ပြောဆို၍ ပြန်လည် ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံခဲ့ရသူ ဦးငြိမ်းချမ်းက “ကျွန်တော်ဝင်ပြိုင်တာ ၃ ကြိမ်ရှိပြီ။ ပြီးခဲ့တဲ့ ၂ ခေါက်က ဆယ်အိမ်မှူးတွေက အုပ်ချုပ်ရေးမှူးကိုရွေးတာ၊ အဲဒီတုန်းက ၂ ကြိမ်စလုံးရှုံးတယ်။ ရလဒ်ကို ကျွန်တော်လက်ခံခဲ့တယ်။ ခုတစ်ခေါက် တစ်အိမ်တစ်ယောက် မဲထည့်တော့ ၃၁ မဲအသာနဲ့ နိုင်တယ်။ အဲဒါကို အသိအမှတ်လည်း ပြုပြီးသွားပြီ။ အခုလည်း လူထု အသံ လာနားထောင်တယ်။ ပြည်သူတွေက ကျွန်တော့်ကို ပိုပြီး အင်နဲ့အားနဲ့ ထောက်ခံနေတာ အများအတွေ့ပါပဲ။ ဒါကို မဲမသမာ၊ ဘက်လိုက်တယ်ဆိုပြီး အခု အများရှေ့ ဆွေးနွေးကြတော့လည်း ရွေးချယ်ရေးကော်မတီက ပြတ်ပြတ်သားသားမပြောရဲဘူး “ဟု ပြောဆိုသည်။

ထုံးအိုင်စံပြကျေးရွာမှာ ရပ်ကွက် ၉ခု၊ အိမ်ထောင်စု ၂၁၀၀၊အိမ်ခြေ ၁၈၅၃အိမ်ရှိသည့် ကျေးရွာအုပ်စုဝင် ရွာကြီးတစ်ရွာဖြစ်ကြောင်း၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကြီးကြပ်ရေးမှူး ၅ ဦးအနက် ၃ ဦးမှာ ရပ်ကျေး NLD ပါတီမှ ဖြစ်ကြောင်း၊ ရွေးချယ်ပွဲတွင် ယင်းတို့အားလုံး သဘောတူလက်ခံခဲ့သော်လည်း မဲများကို ၎င်းတို့သုံးဦးမှ ပြန်လည်ယူဆောင်စစ်ဆေးပြီး မြို့နယ်ထွေ/အုပ်သို့ တိုင်ကြားလိုက်ခြင်းအပေါ် လက်ခံနိုင်ခြင်းမရှိကြောင်း အမှတ် (၆) ရပ်ကွက်နေ ဒေသခံများက ပြောသည်။

“ကျွန်တော်တို့ရွာမှာ ခေတ်အဆက်ဆက် အုပ်ချုပ်ရေးမှူး ရွေးတာ အမြဲတမ်း မသမာမှုတွေဖြစ်တယ်။ အစဉ်အလာလည်း မကောင်းခဲ့ဘူး။ အခုဒီအကြိမ်က ပွင့်လင်းမြင်သာမှုအရှိဆုံးနဲ့ တာဝန်ရှိသူတွေရှေ့မှာ အများပြည်သူရှေ့မှာ လုပ်ဆောင်ခဲ့တာပါ။ ဒါကို အတည်ပြု ပြီးကာမှ ဒီလိုလုပ်တယ်ဆိုတာ လုပ်ထုံး လုပ်နည်းတွေနဲ့လည်းမညီဘူးလို့ ထင်တယ်။ဒါကြောင့် မြို့နယ်၊ ပြည်နယ်အဆင့်ကနေ လူကြီးတွေ ပွင့်လင်းမြင်သာစွာ ဆုံးဖြတ်ပေးပါလို့ ပြောချင်တယ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှုး ရွေးချယ်ရေးကော်မတီဝင် မင်းထက်ပိုင်ဦးက ဆိုသည်။

ရွေးချယ်ပွဲအပြီး ၂ရက်အကြာတွင်မှ မဲများအား ၎င်းတို့သဘောဖြင့် ယူဆောင်ကာ တိုင်တန်းခြင်းအပေါ် မဲထည့်ခဲ့သည့် ဒေသခံ ပြည်သူများအကြား ဝိဝါဒ ကွဲပြားလျက် မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း၊ နောက်တစ်ကြိမ် ပြန်လည်ရွေးချယ်ခိုင်းခြင်းအပေါ် လုံးဝ သဘောမတူကြောင်း၊ အနိုင်ရသူ ဦးငြိမ်းချမ်းအား အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေးစေလိုသူ အများအပြား ရှိနေကြောင်း၊ မြို့နယ် အုပ်ချုပ်ရေးစီမံခန့်ခွဲမှုကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်ကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Written by ရာဟု (ဖားအံ)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်