Advertisements

မုဒုံ၊ စက်တင်ဘာ

မုဒုံမြို့နယ်၊ ကွမ်လှာကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးက ဒေသခံများအပေါ် မတရားဖိနှိပ်ချုပ်ချယ်ပြီး အမိန့်အာဏာများကိုအလွဲသုံးစားပြုလုပ်သည့်အတွက် ဆန္ဒပြရခြင်းဖြစ်ကြောင်း ဦးဆောင်သူ ကွမ်လှာကျေးရွာဒေသခံ ဒေါ်သန်းသန်းဌေးက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍စက်တင်ဘာလ ၁၆ ရက်ကမုဒုံမြို့ရှိကန်သာယာပန်းခြံတွင်ကျေးရွာဒေသခံ ၁၀၀ ဝန်းကျင်ခန့်က ဆန္ဒပြအပြီး မီဒီယာများကမေးမြန်းရာတွင် ၎င်းက ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“မတရားဖိနှိပ်ချုပ်ချယ်ပြီးလို့ရှိရင်တရားမျှတမှုမရှိတဲ့အတွက်ကြောင့် ကျွန်မတို့ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ်။တရားမျှတမှုမရှိဘူးဆိုတဲ့ဟာကျတော့ အမိန့်အာဏာတွေကို တလွဲသုံးစွဲတာပေါ့နော်။ ကျွန်မတို့ကဆန္ဒထုဖော်ရခြင်းဖြစ်ပါတယ်” ဟု ဒေါ်သန်းသန်းဌေးက ပြောသည်။

ကွမ်လှာကျေးရွာ၊ ဖောင်ကလရပ်ကွက်တွင် လမ်း(၆) လမ်းတည်ရှိပြီး ဖောင်ကလ (၁) လမ်း၊(၂) လမ်း၊ (၃) လမ်း၊ (၄) လမ်း၊(၅)လမ်း၊ (၆)လမ်း ဟူ၍ လမ်းအမည်ရေးသားထားသော လမ်းဆိုင်းဘုတ်မှတ်တိုင်များစိုက်ထူရန်အတွက်ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ကျေးရွာကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရ ၂၀၁၉ ခုနှစ်ဇန်နဝါရီ ၂၇ ရက်နေ့ မတိုင်မီကျေးရွာသူ၊ ကျေးရွာသားများကစိုက်ထူခဲ့ကြကြောင်း ၎င်းကရှင်းပြသည်။

အဆိုပါစိုက်ထူထားသော လမ်းဆိုင်းဘုတ်များကို ဇန်နဝါရီလ ၂၈ ရက်မနက်ပိုင်းတွင် မရှိတော့သည့်အတွက်ပြန်လည်ရှာဖွေကာကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် တွေ့ရှိခဲ့ပြီး ကျေးရွာသူ၊ ကျေးရွာသားများတို့က မကျေနပ်၍ လက်မှတ်ထိုးကာ ကျေးရွာအုပ်ချုပ်ရေးမှူးထံ တိုင်ကြားခဲ့ကြောင်း ဒေါ်သန်းသန်းဌေးက ရှင်းပြသည်။

“အဲလိုမျိုးနုတ်လိုက်တော့ ကျွန်မတို့က တိုင်တာပေါ့နော်၊ တိုင်တော့ (၃) ရက်အတွင်း (ကျေးရွာအုပ်ချုပ်ရေးမှူး) သူက အရေးယူပေးမယ်လို့ ပြောတယ်။ တစ်လ နှစ်လ ဒါလည်း အရေးမယူပေးဘူး”ဟုဒေါ်သန်းသန်းဌေးက ပြောသည်။

အဆိုပါ လမ်းဆိုင်းဘုတ်ကို ကျေးရွာသူ၊ကျေးရွာသားများတို့စေတနာဖြင့် စုပေါင်းထည့်ဝင်ကြပြီးအချို့အလှူရှင်များသည်ထိုင်းနိုင်ငံနှင့် နိုင်ငံခြားမှ စုပေါင်းထည့်လှူထားခြင်းဖြစ်သည့်အတွက်အများပိုင်ပစ္စည်းဖြစ်ကြောင်းဒေသခံများက ဆိုသည်။

“ရွာမှာ ရှိတဲ့လမ်းဆိုင်းဘုတ်ကို မစိုက်ထူရင် တစ်ရွာလုံးမစိုက်နဲ့  စိုက်ထူရင်တော့ အားလုံးစိုက် အဲဒီလိုဆိုရင် စိတ်ဖြစ်စရာ(စိတ်ဆိုးစရာ) အကြောင်းမရှိဘူး”ဟု ဆန္ဒပြပွဲပါဝင်သူတစ်ဦးဦးမောင်နူးကပြောသည်။

လက်ရှိ လာရောက် ဆန္ဒပြရသည့်ကိစ္စမှာ ကျေးရွာအုပ်ချုပ်ရေးမှူးကိုရန်ပြုခြင်းမဟုတ်သည့်အပြင် လက်ရှိဖြုတ်ထားသည့်လမ်းဆိုင်းဘုတ်များအား မည်သည့်အကြောင်းကြောင့် ဖြုတ်လိုက်သည်ကိုသိရှိလိုသည့်အတွက်လာရောက်ဆန္ဒပြရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရွှေရိုး

Leave a Reply