Advertisements

မော်လမြိုင်၊ ဇွန်

မွန်ပြည်သစ်ပါတီ (NMSP) မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင်ယခုနှစ် ဖေဖော်ဝါရီ ၁၃ က လက်မှတ်ရေးထိုးပြီးနောက်ပိုင်း နယ်ဘက်အုပ်ချုပ်ရေးကိစ္စ ဝင်ရောက်စွက်ဖက်မှု ၅ ကြိမ်ရှိကြောင်းတိုင်တန်းစာအချို့ကို ဟင်္သာကစုံစမ်းသိရှိရသည်။

NMSP ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် နိုင်လဝီမွန်ကမူ “အစိုးရအဖွဲ့ကလည်း ဘာမှအကြောင်းမကြားဘူး။ ဒီဖြစ်စဉ်ဖြစ်မယ်ဆိုရင်လည်း သက်ဆိုင်ရာက ပြောလိမ့်မယ်”ဟု ပြောသည်။

ဟင်္သာကစုံစမ်းရရှိထားသည့် အချက်အလက်များအရ ကျိုက်မရောမြို့နယ်၊ သံကလောင်ကျေးရွာ အခြေပြု မွန်ပြည်သစ်ပါတီရုံးမှ မြို့နယ်အဖွဲ့ဝင် နိုင်ကွန် အပါအဝင် (၄) ဦးတို့သည် ယင်းမြို့နယ်ရှိ ကတုံစိကျေးရွာမှ အိမ်ခြေ ၁၂၀ နှင့် ရွှေဝါချောင်ကျေးရွာမှ အိမ်ခြေ ၇၀ တို့ထံမှ နှစ်စဉ်ကောက်ခံလျက်ရှိသော ရိက္ခာငွေအဖြစ် နေအိမ်တစ်အိမ်လျှင် ၃,၀၀၀ကျပ်နှုန်းဖြင့် ငွေ ၅၇၀,၀၀၀ ကျပ်အား ဆိုင်ကယ်နှစ်စီးဖြင့် လာရောက်ကောက်ခံသွားကြောင်းသိရသည်။

ယင်းအပြင် ရေးမြို့နယ်၊ ဟံဂံကျေးရွာမှ ဦးကိုကိုကြီးကို မတ် ၁၉ ရက်က ဖမ်းဆီးခေါ်ဆောင်သွားခြင်း၊ ရေးမြို့နယ်၊ တူးမြောင်းကျေးရွာ ပေါ့ထော်ခြံစုရှိ ရော်ဘာခြံများတွင် မေ၁၈ ရက်နေ့က မွန်ပြည်သစ်ပါတီအဖွဲ့ ထားဝယ်ခရိုင်ရုံး ရေးမြောက်ခြမ်း မြို့နယ်ကော်မတီဝင်အဆင့်ရှိ နိုင်မွန်ချမ်းနှင့်အဖွဲ့မှ ရော်ဘာပင် တစ်ပင်လျှင် ၁၀၀ ကျပ်နှုန်းဖြင့် ငွေ၅၀,၀၀၀ ကျပ်ကောက်ခံခြင်းများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

ကျိုက်မရောမြို့နယ်၊ မယ်ကရိုကျေးရွာအုပ်စု၊ ကော့ပနောကျေးရွာနှင့် ကော့ဒွန်းကျေးရွာတို့တွင် မေလ တတိယအပတ်က သံကလောင်ကျေးရွာအခြေပြု မြို့နယ်အဖွဲ့ဝင် နိုင်ကွန် ပါ (၄) ဦးတို့မှ ငွေကောက်ခံခြင်း၊ ကဒါကျေးရွာအုပ်စုနှင့် ကြံတောကျေးရွာတို့၌ ကနာလိုကျေးရွာအခြေပြု မြို့နယ်ကော်မတီဝင် နိုင်အေးမြင့်ထွန်းပါ(၅) ဦးတို့ ငွေကောက်ခံခဲ့ခြင်းများ ပြုလုပ်ခဲ့သေးသည်ဟုလည်း အဆိုပါအချက်အလက်များ၌ ပါဝင်သည်။

ထိုသို့ အစိုးရ၏နယ်ဘက် အုပ်ချုပ်မှုကိစ္စများကို ဝင်ရောက် စွက်ဖက်မှုနှင့် ဥပဒေ/ငြိမ်းချမ်းရေးသဘောတူချက်များကို ချိုးဖောက်မှုများအပေါ် မွန်ပြည်နယ်အစိုးရအဖွဲ့က ဧပြီ ၄ ရက်၊ မေ ၂၂၊ မေ ၂၃၊ ၂၄ ရက်တို့တွင် ကန့်ကွက်ကြောင်း အကြောင်းကြားစာကို မွန်ပြည်သစ်ပါတီထံ ပေးပို့ပေးထားကြောင်း အစိုးရအဖွဲ့အတွင်းမှ ယုံကြည်ရသော သတင်းရင်းမြစ်တစ်ဦးကဟင်္သာကို ပြောပြသည်။

အကြောင်းကြားစာတွင် အဆိုပါဖြစ်စဉ်များသည် NCAသဘောတူစာချုပ်၏ အခန်း (၃)၊ စာပိုဒ် (၉) တွင် ပါရှိသော အရပ်သားများကိုအကာအကွယ်ပေးခြင်းဆိုင်ရာ သဘောတူညီချက်များကို လိုက်နာရန် ပျက်ကွက်သည့်သဘောသက်ရောက်နေသည်ဟု ပါဝင်သည်။

ထို့အပြင် မွန်ပြည်သစ်ပါတီမှ အဆိုပြု တင်ပြထားသော လုပ်ငန်းများ၊ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို ပြည်နယ်အစိုးရအနေဖြင့် ပံ့ပိုးကူညီစီမံဆောင်ရွက်ပေးလျက် နေချိန်တွင် ယခုကဲ့ ပြည်သူလူထုထံမှ ငွေကြေးကောက်ခံခြင်း၊ ဖမ်းဆီးခြင်းများကို ကန့်ကွက်ကြောင်းနှင့် အလားတူ ထပ်မံမဖြစ်ပေါ်စေရေးအတွက် မိမိတပ်ဖွဲ့ဝင်များအား ကွပ်ကဲကြပ်မတ်နိုင်ရန်လည်း မွန်ပြည်သစ်ပါတီကို တိုက်တွန်းထားကြောင်း တွေ့ရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီမှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် နိုင်လယီကောင်းထံသို့ ဟင်္သာမီဒီယာမှ ဆက်သွယ်မေးမြန်းခဲ့ရာ “ စစ်ဌာနချုပ်ကိုတော့ ဒါနဲ့ပတ်သက်ပြီး အစီရင်ခံလာတာမရှိသေးဘူး” ဟု ပြောသည်။

Written by ခေတ်မင်း (ပျားအုံ)

Advertisements
<

Leave a Reply