ရန်ကုန်၊ အောက်တိုဘာ ၇ ။ ။ ဥပဒေပြုရေး မဏ္ဍိုင် အနေနှင့် အပြန်အလှန် ထိန်းကျောင်းခြင်း(Check and Balance) ပြုလုပ်ရာ၌ ကန့်သတ် ချက်ဘောင်များကို ကျော်လွန်ပြီး အုပ်ရေး ကဏ္ဍ နှင့် တရားစီရင်ရေး ကဏ္ဍများတွင် ဝင်ရောက် စွက်ဖက်မှုများ မပြုလုပ်ရန် လွှတ်တော်ကိုယ်စားလှယ်များကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က မှာကြားလိုက်သည်။

u-win-myint-copy-copy

အောက်တိုဘာလ ၇ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ နှုတ်ခွန်းဆက် အမှာစကား ပြောဆိုရာတွင် ၎င်းက ယင်းသို့ ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်။
“မိမိတို့ ဥပဒေပြုရေး မဏ္ဍိုင်ရဲ့ အခန်းကဏ္ဍက ဘာတွေလဲ ဆိုတာကို ခြေခြေမြစ်မြစ် သိရှိနေကြဖို့ လိုပါတယ်။ ဥပဒေပြုသူသည် ဥပဒေ ချိုးဖောက်သူ မဖြစ်စေရ ဆိုတဲ့ ဆိုရိုးစကားနှင့်အညီ တည်ဆဲ ဥပဒေ များကို အထူး လေးစားလိုက်နာကြဖို့ လိုပါတယ်။”ဟု၎င်းကဆိုသည်။

အလားတူ နိုင်ငံတော်၏ အချုပ်အခြာ အာဏာ (၃)ရပ်ဖြစ်သည့် အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေး အာဏာနှင့် တရားစီရင်ရေး အာဏာများကို ခွဲဝေပိုင်းခြား ကျင့်သုံးခြင်းအားဖြင့် အာဏာ အလွဲသုံးစားလုပ်ခြင်းကို ကာကွယ်ပြီး ဒီမိုကရေစီ ယဉ်ကျေးမှု (Democratic Culture) ကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ဦးဝင်းမြင့်က ဆိုသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အတည်ပြုဆောင်နိုင်ခဲ့သော ဥပဒေကြမ်း ၁၀ခုရှိပြီး ဆက်လက်ဆွေးနွေးရန် ဥပဒေကြမ်း ၉ ခုကျန်ရှိကြောင်း ၎င်းကထည့်သွင်းပြောဆိုသွားသည်။

နေပြည်တော်ကောင်စီနယ်မြေတွင် လက်ရှိ ကျင်းပလျက်ရှိသော ဒုတိယအကြိမ် ဒုတိယပုံမှန် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးများကို အောက်တိုဘာလ ၇ ရက်နေ့မှ စတင်ကာ ရပ်နားမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှသိရသည်။

Photo-Pyithu Hluttaw Facebook

Leave a Reply