မော်လမြိုင်၊ မေ

အောင်သပြေ-နှစ်ကရင်လမ်းကို လမ်းအကျယ်ပေချဲ့ထွင်ရာတွင် ဒေသခံများ ၏ ခြံတချို့၏ မြေယာများ ပါဝင်နေခြင်းကြောင့် တစ်ဧကလျှင် လျော်ကြေးငွေ ကျပ်သိန်းတစ်ရာ ပေးအပ်ရန်သတ်မှတ်ထားသော်လည်း ကျပ်သိန်း (၂၀)ကို အလှူငွေသဘောဖြင့် ထည့်ဝင်ပေးကြပါရန် လမ်းဖောက်လုပ်သည့် ကုမ္ပဏီ နှင့် အစိုးရ ပြောဆိုတောင်းခံခဲ့ကြောင်း ခြံရှင်များ ကပြောကြားသည်။

လျော်ကြေးသိန်း(၁၀၀) ထဲမှ ကျပ်သိန်း (၂၀) ကို အလှူငွေ မထည့်ဝင်နိုင်လျှင် ခြံများကို အစိုးရက သိမ်းယူခဲ့ပါက တာဝန်ယူပေးမည်မဟုတ်ဟု ကော်မတီများက ပြောကြားခဲ့ကြောင်း ခြံရှင် ဦးညွန့်က ပြောသည်။

“သူတို့ ပိုက်ဆံသိန်း ၁၀၀ ကို လာပေးတဲ့အခါကျတော့ သိန်း ၂၀ ကို အလှူသဘောနဲ့ ပြန်တောင်းတယ်။ အလှူသဘောနဲ့ ပြန်တောင်းတဲ့အခါကျတော့ ကျွန်တော်တို့ ခြံသမားတွေ မပေးချင်တဲ့လူတွေ အများကြီး ရှိတယ်။ မပေးလို့ရှိရင် သူတို့ဘာပြောလဲဆိုတော့ ဒီကော်မတီအဖွဲ့တွေလည်း ပြောတယ်။ လာညှိနှိုင်းတဲ့ လူလည်း ပြောတယ်။ တကယ်လို့ ကိုယ့်ခြံမပေးလို့ရှိရင် နောက်ဆက်တွဲဆိုရင် အစိုးရတွေသိမ်းသွားရင် ကိုယ်က နစ်နာမယ်တဲ့။အစိုးရသိမ်းသွားရင် သူတို့ တာဝန်မယူဘူးလို့ ပြောတယ်”ဟု ခြံရှင် ဦးညွန့်က ပြောသည်။

ခြံရှင်များ အနေနှင့် ပြည်နယ်အစိုးရ က လျော်ကြေးငွေ ကျပ်သိန်း ၁၀၀ ပေးရန် သတ်မှတ်ထား သော်လည်း ယင်းသို့ အလှူငွေ ပြန်လည်ကောက်ခံသည့် အတွက် ကျပ်သိန်း ၈၀ သာရရှိကြောင်း ခြံပိုင်ရှင်များ ၏ ပြောစကားအရသိရှိရသည်။
“အဲ့လိုတော့ မပြောခဲ့ဘူး။ ခြံရှင်အားလုံးနဲ့ အစည်းအဝေးလုပ် ညှိနှိုင်းပြီး အဆင်ပြေလို့ သူတို့ အားလုံး သဘောတူ လက်မှတ်ရေး ထိုးကြတယ်၊ ကျွန်တော်တို့လည်း ပြောတယ်။ ကိုယ်သဘောမတူရင် လက်မှတ်မထိုးနဲ့ ဘာမှမဖြစ်ဘူး။ နောက်မှ သဘောမတူရင် ကော်မတီရဲ့အပြစ်တွေဖြစ်မယ်”ဟု လမ်းဖြစ်မြောက်ရေးကော်မတီ ဦးကျော်သန်းက ပြောသည်။

တချို့သောခြံရှင်များက တစ်ဧကကို ကျပ်သိန်း (၂၀၀) တောင်းသည့်အပြင် အချို့သောခြံရှင်များက ရော်ဘာတစ်ပင်လျှင် ကျပ် (၅၀၀၀၀) ဖြင့် တောင်းဆိုကြသော်လည်း အဆင်မပြေမှုကြောင့် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် သက်ဆိုင်ရာဝန်ကြီးများနှင့် ထပ်မံညှိနှိုင်းရာတွင် တစ်ဧကလျှင် ကျပ်သိန်း (၁၀၀) ဖြင့် လျော်ကြေးပေးရန် ဝန်ကြီးချုပ်က သတ်မှတ်ပေးခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

“ပထမတော့ သိန်း ၁၀၀ တောင်းထားတာ မှန်တယ်။ ပေးတယ်။ နောက်ပြီးတော့ အဲဒီသိန်း ၁၀၀ ကနေပြီတော့ ဘာလဲဆိုတော့ ကုမ္ပဏီနဲ့ ဦးမင်းကျော်လွင်တို့က ပြောတာပေါ့၊ လှူပေးမနိုင်ဘူးလားတဲ့ သိန်း ၂၀ လောက် မလှူပေးနိုင်ဘူးလားတဲ့၊ နောက်ပြီးတော့ ရတယ်တဲ့ ကျွန်တော်တို့ လှူရင် လှူလို့နိုင်တယ် နောက်ပြီးတော့ ခြံတွေ အများကြီးရှိတယ်။ အဲဒီတော့ ကျွန်တော်တို့ ရွာရောက်ရင် အစည်းအဝေးပြန်ထိုင်မယ်”ဟု မိမိတို့ပြောဆို ခဲ့ကြောင်း ဦးကျော်သန်းက ဆိုသည်။

အောင်သပြေ-နှစ်ကရင် ကျေးရွာချင်းဆက်လမ်းကို ၂၀၁၈ ခုနှစ် ပြည်နယ်အစိုးရအဖွဲ့၏ (၆) လရန်ပုံငွေ ကျပ်သန်းတစ်ထောင်ဖြင့် တင်ဒါမခေါ်ဘဲ ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပြုခဲ့သည်။

Written by အောင်မြတ်

Leave a Reply