နှိပ်စက်ခံရတဲ့မိန်းကလေးနှစ်ဦး၏ ဒဏ်ရာများကို ဆေးစစ်ခဲ့သောပါမောက္ခဒေါက်တာခင်မောင်မြင့်နှင့်တွေ့ဆုံခြင်း

အသက်မပြည့်သေးသည့် အိမ်အကူအမျိုးသမီးငယ်နှစ်ဦးကိုအင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစုကငါးနှစ်လုံးလုံးအိမ်အတွင်းတွင်နှိပ်စက်ညှဉ်းပန်းသည်ကို Myanmar Now သတင်းထောက်ကဖော်ထုတ်ရာမှပေါ်ပေါက်ခဲ့ပြီးငွေကျပ်သိန်း(၅၀)နဲ့ ကျေအေးသည့်အတွက် လူမှုကွန် ရက်တွင် ကယက်ထခဲ့သောကြောင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရှိကာအမှုဖွင့်လှစ်ခဲ့ရသည်။ ယင်းနှိပ်စက်ခံမိန်းကလေးနှစ်ဦးရရှိထားသည့်ဒဏ်ရာများစစ်ဆေးချက်နှင့်ပတ်သက်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးလက်ပိုင်းဆိုင်ရာခွဲစိတ်ကုပညာဌာနပါမောက္ခဒေါက်တာခင်မောင်မြင့် နှင့် ဟင်္သာမီဒီယာတို့မှတွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ်တင်ပြလိုက်ပါသည်။

dr-kin

ဟင်္သာမီဒီယာ။ ။ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်ရဲ့နှိပ်စက်တဲ့ အိမ်အကူကလေးနှစ်ယောက် ရန်ကုန်ဆေးရုံကြီးမှာဆေးကုသမှုခံယူနေတယ်ဆိုတာဟုတ်ပါသလားခင်ဗျ။
Dr. KMM ။ ။ မနေ့က၂၁ရက်နေ့ညနေ ၅နာရီလောက်က တာဝန်ရှိသူတွေကကလေးမလေးနှစ်ယောက် ခေါ်လာတယ်။ ဒဏ်ရာတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ရန်ကုန်ဆေးရုံကြီးလက်ပိုင်းဆိုင်ရာခွဲစိတ်ကုသမှုဌာနကနေကုပေးဖို့တောင်းဆိုလာတယ် လက်ရှိစစ်ဆေးမှုတွေလုပ်နေပါတယ်။လိုအပ်တဲ့ ဓာတ်မှန်ရိုက်တာတွေကတော့မနေ့ကအကုန်ရိုက်ပြီးပြီးဒီနေ့မနက်တော့ ဆက်လက်ဆောင်ရွက်ရမယ့် ဘယ်လိုလုပ်မလဲဆိုတာလေးတွေတိုင်ပင်နေတယ်။

ဟင်္သာမီဒီယာ။ ။ဆရာတို့စစ်ဆေးကြည့်တဲ့အခါ ဘယ်လိုအနေထားမျိုးတွေတွေ့ရလဲခင်ဗျာ။
Dr. KMM ။ကျွန်တော်တို့စစ်ဆေးကြည့်တဲ့အခါမှာကလေးတွေရဲ့ လက်ချောင်းလေးတွေမှာအဓိကကလက်ချောင်းလေးတွေမှာထိခိုက်ဒဏ်ရာကြောင့် အပြည့်အဝဆုပ်နိုင် ကွေးနိုင်မှုလက်ချောင်းလေးတွေအပြင်းအထန်ဒဏ်ရာရထားတဲ့ ပုံစံမျိုးတွေတွေ့ရတယ်။ ကလေးရဲ့ဘယ်ဖက်လက်မောင်းကကိုင်လိုက်ရင်နာနေတယ် ဓာတ်မှန်ရိုက်ကြည့်တော့ ဘယ်ဖက်လက်မောင်းကျိုးခဲ့တယ်။နောက်လက်ဖျံတွေ၊လက်မောင်းတွေမှာလည်းထိခိုက်ဒဏ်ရာရထားတဲ့ အမာရွတ်တွေအများကြီး ဖြစ်နေတာကျွန်တော်တို့တွေ့ရပါတယ်။

ဟင်္သာမီဒီယာ။ဒီဒဏ်ရာတွေရတာဘယ်လောက်ကြာပြီလို့ ဆရာတို့ဆေးစစ်တွေ့ရှိအရခန့်မှန်းထားလဲ။
Dr. KMM ။ဒဏ်ရာတွေရတာဘယ်လောက်ကြာပြီးလဲဆိုရင် ဒဏ်ရာတစ်ခုနဲ့တစ်ခုအရွယ်အစားပုံသဏ္ဍာန်တွေ မတူဘူးအဲဒီတော့ ဒဏ်ရာတွေဟာ ကျွန်တော့အထင်တော့ ဒဏ်ရာတွေရလိုက် အနာကျက်သွားလိုက်၊ ဒဏ်ရာတွေရလိုက် အနာကျက်သွားလိုက် လက်ချောင်းထိပ်လေးတွေဆိုကျိုးလို့မကွေးနိုင်မဆန့်နိုင်တာတော်တော်များတဲ့အတွက်ကြောင့်မလို့ ခဏခဏဒဏ်ရာရထားတယ်လို့တွက်ဆလို့ရပါတယ် လက်မောင်းနဲ့လက်ဖျံမှာရှိတဲ့ အနာရွတ်တွေကြည့်ခြင်းအားဖြင့်တစ်ကြိမ်မကဒဏ်ရာရထားတယ်လို့ ကျွန်တော်တို့ယူဆပါတယ်။

ဟင်္သာမီဒီယာ။သူတို့ကိုဆရာတို့တွေ့တဲ့အခါမှာသူတို့အနေထားတွေကဘယ်လိုပုံစံဖြစ်နေလဲ၊ သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာတွေကရောပုံမှန်ပဲလားဘယ်လိုမျိုးတွေတွေ့ရှိပါသလဲ။
Dr. KMM ။ကျွန်တော် ဒီနေ့မနက်မှ ကလေးတွေကိုသေချာပြန်မေးကြည့်တော့ ကလေးတွေ ကျွန်တော်တို့ကို ပြန်လည်ဖြေကြားတဲ့အခါမှာ နှစ်တန်းအောင်နဲ့ရောက်လာတယ် သေချာမေးကြည့်တော့လည်းသေချာကောင်းကောင်းမဖြေနိုင်၊မိဘတွေရဲ့ Information ဘာလုပ်လဲနာမည်၊အသက်နဲ့သူတို့ရဲ့ အသက်ဘယ်လောက်ရှိပြီလဲဒီလိုမေးခွန်းလေးတွေကိုလည်းကောင်းကောင်းမွန်မွန်ဖြေကြားနိုင်ခြင်းမရှိတဲ့ အတွက်ကြောင့် ကလေးတွေဟာပညာမတတ်တာတစ်ခုတည်းမဟုတ်ဘဲစိတ်ပိုင်းဆိုင်ရာထိခိုက်မှုရှိတယ်လို့တောင်ထင်ရလောက်ပါတယ်။ဒါကြောင့်မလို့လဲသက်ဆိုင်ရာစိတ်ပိုင်းဆိုင်ရာဆရာဝန်ကြီးတွေ ကူညီပေးမယ့် လူမှုအဖွဲ့စည်းတွေကကလေးတွေစိတ်ပိုင်းဆိုင်ရာ ပြန်လည်ပျိုးထောင်ပေးဖို့လာရောက်ကမ်းလှမ်းထားတာရှိပါတယ်။

ဟင်္သာမီဒီယာ။ဒီဒဏ်ရာတွေကိုဘယ်လောက်ကြာအောင်ကုသရမလဲဆရာ။
Dr.KMM ။ ။ ဒဏ်ရာကုသဖို့အနေနဲ့ကတော့ဒီဒဏ်ရာကိုလုံးဝပျောက်ကင်းအောင်ကုသမယ်၊ ထိခိုက်ဒဏ်ရာရတဲ့နေရာတွေမှာသူရဲ့ခန္ဓာကိုယ်ကိုချို့ယွင်းအောင်ရတဲ့ဒဏ်ရာတွေကတော့ သိပ်အခက်အခဲမရှိပါဘူး ခွဲစိတ်မယ်ဆိုရင်တစ်ကြိမ် နှစ်ကြိမ် ခွဲစိတ်ရုံနဲ့တော်တော်လေး ပြန်ကောင်းလာနိုင်တဲ့အလားလာရှိပါတယ်။ ပြန်ကောင်းလာနိုင်ဖို့ဆိုတာသူရဲ့အတိမ်အနက်၊ ဒဏ်ရာတွေရထားတဲ့ Duration အချိန်ကာလနဲ့ဆိုင်ပါတယ် ဒီဒဏ်ရာတွေဟာလွန်ခဲ့တဲ့ တစ်နှစ် နှစ်နှစ်ကရထားတဲ့ ဒဏ်ရာတွေသာဖြစ်ခဲ့ရင်တော့ ပြန်လည်ပြုစုပျိုးထောင်ခြင်းဆိုတဲ့ လေ့ကျင့်ခန်းလုပ်တဲ့အခါမှာအချိန်ကြာမြင့်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့အခုလောလောဆယ် သက်ဆိုင်ရာဓာတ်မှန် ဆရာဝန်ကြီးတွေ ၊သက်ဆိုင်ရာမှုခင်းဆရာဝန်ကြီးတွေ တိုင်ပင်ပြီးတော့ ကလေးတွေကို ပြုစုပျိုးထောင်မယ် လေ့ကျင့်ခန်းတွေပြန်လုပ်ခိုင်းမယ် လိုအပ်တဲ့အစိတ်ပိုင်းတွေခွဲမယ် ကျွန်တော့အနေနဲ့ သုံးလေးလတော့ကြာမယ်လို့ ခန့်မှန်းထားပါတယ်။

ဟင်္သာမီဒီယာ။ဆရာတို့အခုကုသမှုတွေစတင်လုပ်ဆောင်နေပြီလားခင်ဗျ။
Dr. KMM ။ဒီနေ့မနက်ကစပြီးသက်ဆိုင်ရာဆရာဝန်တွေနဲ့ကလေ့ကျင့်ခန်းစလုပ်ပါပြီးတိုးတက်မှုကို ကြည့်ပြီးတော့ ဘယ်အပိုင်းကိုခွဲစိတ်မယ်၊ ဘယ်အပိုင်းကိုလေ့ကျင့်ခန်းလုပ်မယ် ဒါတွေကိုတော့ အဖွဲ့နဲ့တိုင်ပင်ပြီးတော့ လုပ်ဆောင်သွားမှာပါ။

ဟင်္သာမီဒီယာ။ကလေးနှစ်ယောက်ဒဏ်ရာနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောကြားလိုတာများရှိလားဆရာ။
Dr. KMM ။ကလေးနှစ်ယောက်ကို ကြည့်ရတာတော့ ထိခိုက်ထားတဲ့ဒဏ်ရာတွေရယ် စိတ်ပိုင်းဆိုင်ရာမူမမှန်တာတွေကြောင့် ဒီလိုအဖြစ်မျိုးတွေ ကျွန်တော်တို့အနေနဲ့တွေ့ရတာအများကြီးစိတ်မကောင်းပါဘူး။ ဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံကြီးတစ်ခုထဲမှာဒီလိုနှိပ်စက်ညှဉ်းပန်းထားတဲ့ဒဏ်ရာတွေရထားတာက ကျွန်တော်တို့နိုင်ငံရှေ့ရေးအတွက် ကောင်းတဲ့ လက္ခဏာတော့မဟုတ်ပါဘူး။ဒါတွေကိုသက်ဆိုင်ရာလူမှုအဖွဲ့စည်းအားလုံးကစိတ်ဝင်တစားနဲ့ ကာကွယ်စောင့်ရှောက်မှုလုပ်ပေးတာကိုကျန်မာရေးဌာနရဲ့ တာဝန်ရှိသူအနေနဲ့ အများကြီးဝမ်းသာပါတယ်။ကျွန်တော်တို့ ဆရာဝန်တွေအနေနဲ့တော့ ရုပ်ပိုင်းဆိုင်ရာရောဂါတွေရော၊စိတ်ပိုင်းဆိုင်ရာရောဂါတွေရောကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကုသပေးဖို့ ရည်ရွယ်ထားပါတယ်။ဒါမျိုးတွေနိုင်ငံတဝန်းမှာနောက်ထပ်မဖြစ်ကြဖို့ ၊နိုင်ငံအတွင်းမှာသာမက ပြည်ပမှာတာဝန်ထမ်းဆောင်တဲ့ အလုပ်သမားတွေကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေ ဒီလိုဒဏ်ရာမျိုးတွေမရဖို့ အများကြီးစည်းရုံးပညာပေးလုပ်ဆောင်သွားဖို့နိုင်ငံတော်ဘက်ကရောသက်ဆိုင်ရာလူမှုရေးအဖွဲ့အစည်းတွေ ဘက်ကရောဝိုင်းဝန်းပံ့ပိုးသွားမယ်ဆိုရင်တော့ ကျွန်တော်တို့အောင်မြင်သွားမှာပါ။

Leave a Reply