ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက်။

အွန်လိုင်းပေါ်တွင် အလှကုန်၊ အစားအသောက်နှင့် ဆေးဝါးအပါအဝင် ကုန်စည်အမျိုးမျိုးကိုရောင်းချပါက စည် ပင်သာယာ၏ လုပ်ငန်းလိုင်စင်နှင့် FDA ၏ ခွင့်ပြုမိန့်ပါမှသာ ရောင်းချရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက အောက်တိုဘာ ၁၁ ရက်ကပြုလုပ်သည့် ဒုတိယအကြိမ တိုင်းဒေသကြီးလွှတ်တော်၊ ပဉ္စမပုံမှန်အစည်းအဝေး(ဒဿမနေ့)တွင် ပြောဆိုလိုက်သည်။

တရားမဝင်တင်သွင်းသော ကုန်စည်အမျိုးမျိုးကို ရောင်းချခြင်းမပြုစေရေး အွန်လိုင်းပေါ်တွင် လုပ်ငန်းလိုင်စင်နှင့် FDA ၏ ခွင့်ပြုချက်မရှိဘဲ ရောင်းချနေခြင်းများကို တိုင်းစားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့က စိစစ်အရေးယူ ဆောင်ရွက်သွားရန်ရှိပြီး လိုက်နာခြင်းမရှိလျှင် စားသုံးသူအကာအကွယ်ပေးရေးဥပဒေအရ (၃)နှစ်ထက်မပို သော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်(၅)သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်ခြင်းခံရ မည်ဖြစ်ကြောင်း ဝန်ကြီး ဦးမြင့်သောင်းက ပြောသည်။

“အခုလောလောဆယ်ဖြစ်နေတဲ့ အွန်လိုင်းပေါ်မှာရောင်းချနေတဲ့ ကိစ္စရပ်က FDA စစ်ဆေးခြင်းမပြုရတဲ့အတွက် စားသုံးရန်သင့်၊ မသင့်နဲ့ အန္တရာယ်ရှိ၊ မရှိဆိုတဲ့အချက်နဲ့ သက်ဆိုင်နေပါတယ်။ နောက်တစ်ချက်က Door to Door ရောင်းချတဲ့အတွက် အခွန်လွတ်နေတဲ့အပိုင်းလည်းရှိပါတယ်။ ဒါတွေလည်း စိစစ်ဖို့လိုနေပါပြီ။ ဆိုင်ဖွင့် ခြင်းနဲ့ အွန်လိုင်းမှာ ရောင်းချမယ်ဆိုရင် YCDC ရဲ့လုပ်ငန်းလိုင်စင်နဲ့ FDA ရဲ့ ခွင့်ပြုမိန့်များကို ရယူရောင်းချရပါ မယ်။”ဟု ဝန်ကြီး ဦးမြင့်သောင်းက ပြောသည်။

ရန်ကုန်မြို့တွင် အလှကုန်များ၊ ဆေးဝါးနှင့် လူသုံးကုန်အမျိုးမျိုးကို အွန်လိုင်းပေါ်မှရောင်းချမှုများသည် တစ်နေ့ တခြားကြီးထွားလျက်ရှိပြီး အချို့ကုန်ပစ္စည်းများကို FDA က စစ်ဆေးမထားသောကြောင့် ပြည်သူများကို အန္တရာယ်ဖြစ်စေနိုင်သဖြင့် တရားဝင်မှတ်ပုံတင်ရောင်းချနိုင်အောင် တိုင်းအစိုးရက ဖန်တီးပေးရန်ရှိ၊ မရှိ ပန်းဘဲ တန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးသန်း၏ မေးမြန်းမှုကို ဝန်ကြီးက ဖြေဆိုရာ တွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

သုံးစွဲသူများ နစ်နာမှုဖြစ်ပေါ်လာပါက အကာအကွယ်ပေးနိုင်ရန် စားသုံးသူအကာအကွယ်ပေးရေးဥပဒေပုဒ်မ (၁၄)အရ အွန်လိုင်းမှ ကြော်ငြာရောင်းချခြင်းလုပ်ငန်းများနှင့် ဆက်နွယ်၍ ကုန်စည်အရေအတွက်၊ အရည် အ သွေး၊ အသုံးပြုပုံ၊ ဈေးနှုန်း၊ ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ မဟုတ်မမှန်သော သတင်းအချက်အလက်များဖြင့် လိမ်လည်ထားခြင်းနှင့် အန္တရာယ်ရှိမှုကို အသိပေးခြင်းမရှိသော ကြော်ငြာများကို စီးပွားရေးလုပ်ငန်းရှင်များက လုပ်ဆောင်ခြင်းမပြုရန် တားမြစ်ထားကြောင်း သိရသည်။

ပြည်ပမှ တရားမဝင်တင်သွင်းလာသည့် အလှကုန်၊ ကုန်စည်၊ ဆေးဝါးအမျိုးမျိုးတားဆီးရေးကို အကောက်ခွန်ဦး စီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရဲတပ်ဖွဲ့၊ FDA အစရှိသည့် ပူးပေါင်းအဖွဲ့များဖြင့် နယ်စပ်ဂိတ်များ၊ ဆိပ်ကမ်းများတွင် စစ်ဆေးအရေးယူလျက်ရှိကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။

Written by – MMK

Leave a Reply