၂၀ သြဂုတ် ၂၀၁၉

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှတဆင့် ချင်းပြည်နယ်ကိုဖြတ်သန်းကာ မြန်မာနိုင်ငံကိုလည်ပတ်ချင်သူများအနေဖြင့် e-Visa (အွန်လိုင်းမှလျှောက်ထားရသည့် ဗီဇာ) အလွယ်တကူ လျှောက်ထားနိုင်ရန် ကူညီဆောင်ရွက်ပေးရေးစင်တာကို ကျန်ဖိုင်းမြို့တွင် ထားရှိမည်ဟု သိရသည်။

အိန္ဒိယ-မြန်မာနယ်စပ်ကို ဖြတ်သန်းသွားလာလိုသူများအနေဖြင့် အင်တာနက်အသုံးပြုလျက် အလွယ်တကူ  လျှောက်ထားနိုင်ရေးကိစ္စ မီဇိုရမ်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး TJ Lalnuntluanga က နယ်စပ်မြို့ ကျန်ဖိုင်းခရိုင်အထွေထွေအုပ်ချူပ်ရေးမှူး Dr Naveen Aggarwal နှင့် သြဂုတ် ၁၇ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု မီဇိုရမ်အခြေစိုက် The Aizawl Post တွင်ဖော်ပြသည်။

e- Visa Facilitation Center (E Visa ထုတ်ယူနိုင်ရေး ကူညီဆောင်ရွက်ပေးရေး စင်တာ)ကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီး TJ Lalnuntluanga ၏ တောင်းဆိုချက်အရ ကျန်ဖိုင်းမြို့တွင်တစ်လ၊ နှစ်လ အတွင်း အကောင်အထည်ဖော်မည်ဟု သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ သြဂုတ်၁၆ ရက်နေ့ကလည်း ဝန်ကြီး TJ Lalnuntluanga နှင့်တာဝန်ရှိသူများ ချင်းပြည်နယ်နယ်စပ် ရိခေါဒါရ်မြို့ လူဝင်မှုကြီးကြပ်ရေးဌာနသို့ သွားရောက်ကာ လုပ်ငန်းသွားလာပုံ၊ ရှေ့လုပ်ငန်းစဉ်နှင့် e-Visa ကိစ္စ များ ပြောဆိုဆွေးနွေးခဲ့ကြသည်။

အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်နှစ်ခုဖြစ်သည့် တမူး-မိုးလေးဂိတ်နှင့် ရိခေါဒါရ်-ဇိုခေါထာရ်ဂိတ်တို့ကို နိုင်ငံတကာ ဝင်ထွက်ဂိတ်အဖြစ် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် စက်တင်ဘာလက သတ်မှတ်ခဲ့ကြသည်။

နိုင်ငံတကာဝင်ထွက်ဂိတ်အဖြစ် သတ်မှတ်ပြီးသည့်နောက်ပိုင်း ပြည်ဝင်ခွင့်ဗီဇာရရှိထားသည့် ကမ္ဘာ့လှည်ခရီးသွားများအ နေဖြင့် အဆိုပါဂိတ်တို့မှတဆင့် မြန်မာနိုင်ငံသို့ ဝင်ထွက်လည်ပတ်နိုင်မည့်အပြင် e-Visa လျှောက်ထားပြီးလည်း ဝင်ရောက် နိုင်မည်ဖြစ်သည်။

သို့သော်လည်း မီဇိုရမ်ပြည်နယ်တွင် e-Visa လျှောက်ထားနိုင်ရေးသတ်သတ်မှတ်မှတ်ဆောင်ရွက်ထားခြင်းမရှိသေးသည့် အတွက် ယခုကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်သည်။

By မိုးကျော် ၊ ခိုနှုမ်းသုန်သတင်း

Leave a Reply