Advertisements

ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် သို့မဟုတ် NLD လွှတ်တော်၏ သက်တမ်းမှာ နှစ်နှစ်နှင့်ခုနစ်လ ကျော်ခဲ့ပြီဟု ဆိုနိုင်သည်။

ထိုသက်တမ်းအတွင်း ဘတ်ဂျက်ဥပဒေအပါအဝင် ဥပဒေပေါင်း ၁၁ ခုအထိ ပြဋ္ဌာန်းထား၏။ ထိုအထဲတွင် အစိုးရ စီမံခန့်ခွဲပိုင်ခွင့် ရှိသော ဥပဒေ သုံးခုကို ရေးဆွဲ အတည်ပြုထားသည်။

အစိုးရ စီမံခန့်ခွဲရမည့် ဥပဒေ သုံးခုမှာ ပြည်နယ် အသေးစားနှင့် အလတ်စား လျှပ်စစ် ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး ဆိုင်ရာ ဥပဒေ၊ ပြည်နယ် စည်ပင်သာယာရေး ဥပဒေ၊ ပြည်နယ် ငါးလုပ်ငန်း ဥပဒေတို့ပင်ဖြစ်၏။

ပြည်နယ် ဥပဒေပြုရေး မဏ္ဍိုင်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ ဇယား (၂) ၌ ပေးထားသော ကဏ္ဍကြီး ရှစ် ခုထဲ၌ ရွေး၍ ပြဋ္ဌာန်းရသည်။

ထိုကဏ္ဍများတွင် ဘဏ္ဍာရေးနှင့် စီမံကိန်း၊ စီးပွားရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ စွမ်းအင်၊ လျှစ်စစ်၊ သတ္တုနှင့် သစ်တော၊ စက်မှုလက်မှု၊ ပို့ဆောင် ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး၊ လူမှုရေး ၊ စီမံခန့်ခွဲရေး စသည့် ကဏ္ဍများကလည်း ပါဝင်နေ၏။

ပထမအကြိမ် လွှတ်တော်ကာလအတွင်း ထိုကဏ္ဍကြီး ရှစ်ခုကို အခြေခံ၍ ဥပဒေပေါင်း ၃၈ ခုအထိ ပြဋ္ဌာန်းထားကာ ယင်းအနက် အစိုးရ စီမံခန့်ခွဲရမည့် ဥပဒေ ၁၈ ခု ပါဝင်သည်။

ယင်းကြောင့် ယခု လွှတ်တော်သည် ပထမအကြိမ် လွှတ်တော်နှင့် ဥပဒေ ပြုမှုအပိုင်း၌ နှိုင်းယှဉ်လျှင် နည်းပါးနေသည်ဟု ဆိုနိုင်သည်။

ထိုသို့ နည်းပါးနေမှုကို မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ယခုလို မှတ်ချက်ပြု၏။

“အရင်သက်တမ်းတုန်းက ဥပဒေတစ်ခုကို ပြဋ္ဌာန်းတော့မယ်ဆိုရင် မြန်မြန်ပြဋ္ဌာန်းလို့ရတယ် ဒီဘက်သက်တမ်းကျတော့ ရှင်းရှင်းလင်းလင်း ပြဋ္ဌာန်းလို့ရတဲ့ အပိုင်းတွေက လက်ကျန်နည်းသွားပြီ”ဟု ၎င်းက ဆိုသည်။

ယခု လွှတ်တော်သည် ယခင် ပြဋ္ဌာန်းထားသော ဥပဒေများကို ပြန်လည် ပြင်ဆင်နိုင်ရန် သုံးသပ်သည့်အပိုင်းကို ဦးစားပေး လုပ်ဆောင်လျက်ရှိကြောင်းနှင့် ထိုသို့ လုပ်ဆောင်ခြင်းကြောင့် ဥပဒေတစ်ခု ပြဋ္ဌာန်းခြင်းထက် အချိန်ပို ယူရကြောင်း ၎င်းက ပြောဆိုသည်။

ဥပဒေ ပြန်ပြင် သုံးသပ်ရာတွင် ဥပဒေပြုရေးဆိုင်ရာ ကော်မတီ တစ်ခုတည်း လုပ်ဆောင်ခြင်း မဟုတ်ဘဲ ဥပဒေနှင့် သက်ဆိုင်သူ အားလုံးကို ခေါ်ယူ၍ အားနည်းချက်၊ အားသာချက်များ သုံးသပ်ရသဖြင့် အချိန်ယူရကြောင်း ဒေါက်တာ အောင်နိုင်ဦးက ဆိုသည်။

ထိုကဲ့သို့ လုပ်ဆောင်ခြင်းသည် အကောင်းဘက်မှ ကြည့်ပါက ဘက်ပေါင်းစုံ၏ သဘောထား အကြံပြုချက်များ ရရှိနိုင်ကာ အဆိုးဘက်မှ ကြည့်ပါက အချိန် နည်းနည်း ကြာသွားခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

ထိုအခြေအနေကို မွန်ပြည်နယ် လွှတ်တော် ဥပဒေပြုရေး ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့က ယခုလို မှတ်ချက်ပေးသည်။

“အခုဟာက ဇယား ၂ မှာ ပေးထားတဲ့ဟာတွေ အတည်ပြုလိုက်တာ ထပ်ပြုစရာတောင် မလိုတော့ဘူး၊ အခုဟာ ပြန်ပြင်သင့်တဲ့ ဥပဒေတွေကို ပြင်တယ်၊ ဥပဒေတွေက ပြုတိုင်းလည်း ကောင်းတာမဟုတ် ဥပဒေပြုတိုင်း ပြည်သူလိုက်နာဖို့ လိုတယ်”ဟု ဆိုသည်။

ထို့အတွက်ကြောင့် အစိုးရအနေဖြင့် လွှတ်တော်အတွင်း ပြဋ္ဌာန်းထားသော ဥပဒေများ အသက်ဝင်ရေးအတွက် ပြည်သူများ ဥပဒေ ပိုမို သိရှိရန် လုပ်ဆောင်ရန် လိုအပ်နေသည်ဟု ၎င်းက ပြောသည်။
မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိကလည်းအခုလိုပြော၏။

“ဥပဒေတစ်ခုကို ပြင်တော့မယ်ဆိုရင် သူနဲ့ သက်ဆိုင်တဲ့ဌာနက တာဝန်ရှိသူတွေ ဝန်ကြီးတွေအားလုံးကိုဖိတ်ပြီးကြားနာတယ် အဲ့ဒီအတွက်ကြောင့် နည်းနည်းကြန့်ကြာသလိုဖြစ်တာ”ဟု ဆိုသည်။

ထို့အပြင် ကိုယ်စားလှယ်များမှာ သက်ဆိုင်ရာ ကော်မတီများ၏ အဖွဲ့ဝင်များ ဖြစ်နေသောကြောင့် နယ်မြေ ကွင်းဆင်း ဆောင်ရွက်ခြင်းများ ပိုမို လုပ်ဆောင်ခြင်းကြောင့်လည်း ဥပဒေ ပြုမှု နည်းပါးနေခြင်း ဖြစ်သည်ဟု လွှတ်တော်အာဏာပိုင်တို့ကပြောကြသည်။

မည်သို့ပင်ဖြစ်စေ လွှတ်တော်၌ ဥပဒေ ပြုမှု နည်းပါးနေသည့် အကြောင်းအရင်း တစ်ရပ် ရှိနေသေးသည်။

ယင်းမှာ ၂၀၁၅ ခုနှစ်က ပြန်လည် ပြင်ဆင်ထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တိုင်းနှင့် ပြည်နယ် လွှတ်တော်များသည် ကဏ္ဍကြီး ရှစ်ခု အနက် အချို့ အစိတ်အပိုင်းများကို ပြည်ထောင်စု ဥပဒေနှင့် အညီ ဥပဒေ ပြဋ္ဌာန်းနိုင်သည်ဟု တိုးပေးထား၏။

ထိုကိစ္စရပ်ကို ဒေါက်တာ အောင်နိုင်ဦးက ယခုလို ဆိုထားသည်။
“တိုးလိုက်တဲ့ဟာတွေအကုန်လုံးကလည်း ပြည်ထောင်စုမှပြဋ္ဌာန်းသော ဥပဒေနှင့်အညီဆိုပြီး အရှေ့က ခံထားတယ် ပြည်ထောင်စုက မပြဋ္ဌာန်းမချင်း ကျွန်တော်တို့က ဘာမှလုပ်လို့မရဘူး”ဟု ဆိုသည်။

ပြည်ထောင်စုက ပြဋ္ဌာန်းလိုက်သည်ဆိုလျှင်လည်း မည်သည့် အပိုင်းကို ပြည်ထောင်စု ၊ ပြည်နယ် ဟူ၍ သီးခြား သတ်မှတ်ထားခြင်း မရှိသဖြင့် ပြည်နယ်တွင် ထပ်မံ ပြဋ္ဌာန်း၍ မရသော အခြေအနေနှင့် ကြုံနေသည်ဟု ၎င်းက ပြောသည်။

အထူးသဖြင့် စီးပွားရေး ကဏ္ဍတွင် ပြည်နယ်က လုပ်ဆောင်နိုင်သော ကိစ္စရပ်များကို ပြည်ထောင်စုမှ ပြဋ္ဌာန်းလိုက်သဖြင့် လုပ်ဆောင်၍ မရတော့ကြောင်း ၎င်းက ဆို၏။

အခြေအနေ အားလုံးကို ခြုံ၍ ဒေါက်တာ အောင်နိုင်ဦးက ယခုလို မှတ်ချက်ပြု၏။
“တချို့ဟာတွေကျတော့ ပြည်ထောင်စုကိုမှီခိုနေရတယ် သူတို့မလုပ်ရင် ကျွန်တော်တို့ကလည်း ဘာမှလုပ်လို့မရတဲ့အနေအထားမျိုးဖြစ်နေတာကို သူတို့ကို သိစေချင်တယ်”ဟူ၍။

သက်ပိုင်၊ ဂေထော

Advertisements
<

Leave a Reply