Three levels of organizational structure. This is 3d render.

MLM ဆိုသည်မှာ ဈေးကွက်ကို အဆင့်ဆင့်ထိုးဖောက်ပြီးအကျိုးခံစားခွင့်များကို အဆင့်ဆင့်မျှပြီးခံစားကြတဲ့ “ဆင့်ပွားဈေးကွက် ထိုးဖောက်နည်းစနစ်” ဟု ယူဆစရာရှိသည်။ MLM သည် သာမန်စီးပွားရေးလုပ်ငန်းကဲ့သို့ စားသုံးသူလက်ထဲသို့ ရောင်းချခြင်းဖြင့် သာဝင်ငွေရရှိခြင်းမျိုးမဟုတ်ဘဲ မိမိကဲ့သို့ အခြားရောင်းချသူများ မိမိ အောက်တွင် အလုပ်လုပ်ချင်လာအောင် စည်းရုံး၍ ယင်းကအရောင်းကိုယ်စားလှယ်ကနေပြီး စားသုံးသူကို ထုတ်ကုန်ရောင်းချလိုက်ပါကလည်း မိမိပါအကျိုးခံစားခွင့်ရှိသော လုပ်ငန်းဖြစ်သည်။ မိမိအောက်တွင် ရောင်းချသူအများအပြားရှိပါက မိမိအတွက် ပိုမိုအကျိုးခံစားခွင့်ရှိလာမည်ဖြစ်သည်။

Three levels of organizational structure. This is 3d render.
Three levels of organizational structure. This is 3d render.

MLM အလုပ်လုပ်ကိုင်မည့်သူများသည် သက်ဆိုင်ရာကုမ္ပဏီတွင် အဖွဲ့ဝင်အဖြစ်ဝင်ရောက်ရမည်ဖြစ်ပြီး အဖွဲ့ဝင်ဖြစ်ပါက လစဉ်ကုမ္ပဏီမှ ရောင်းချသည့် ကျန်းမာရေးနှင့် အလှအပရေးရာ ပစ္စည်များကိုဝယ် ယူရမည်ဖြစ်ပြီး တစ်လလျှင် သောင်းဂဏန်းမှ သိန်းဂဏန်းထိဝယ်ယူရမည်ဖြစ်သည်။

ကိုယ်စားလှယ်အဆင့်ဆင့်သွားသဖြင့် စားသုံးသူလက်ထဲရောက်လာပါက ကုန်ပစ္စည်းများမှာ ၂ ဆ ၃ ဆ ဈေးနှုန်းကြီးမြင့်နေသည်။ ယင်းသို့ ဈေးနှုန်းကြီးမြင့်မှုများကြောင့် စားသုံးသူများမှာ ဝယ်ယူခြင်းမရှိသောကြောင့် MLM လုပ်ကိုင်သူအချင်းချင်းသာ ပြန်လည်ရောင်းချမှုများပါပြုလုပ်လာကြသည်။

ကုမ္ပဏီမှ ပစ္စည်းမဝယ်ပါကလည်း MLM ဆုကြေးရရှိတော့မည်မဟုတ်။ ထို့ပြင် ကိုယ်အောက်တွင်လုပ်ကိုင်မည့် အရောင်းကိုယ်စားလှယ်မရှာနိုင်ပါကလည်း ဆုကြေး ရရှိတော့မည်မဟုတ်တော့။

မြန်မာနိုင်ငံကို စစ်အစိုးရလက်ထက် ဈေးကွက်စီးပွားရေးစနစ်စတင်ဖွင့်လှစ်လိုက်သည့်အချိန်(၁၉၉၅ ဝန်းကျင်) တွင် MLM လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီများဝင်ရောက်လာကြသည်။

ယင်းအချိန်ကတည်းက MLM လုပ်ငန်းများကို လူအချို့ပါဝင်လုပ်ကိုင်လာကြသည်။ ကုမ္ပဏီအချို့လိမ်ပြေးကြ သလို ကုမ္ပဏီအချို့ ယနေ့အချိန် ထိ မြန်မာပြည်အတွင်းလုပ်ကိုင်နေသေးသည်။

လက်ရှိအချိန်တွင် MLM လုပ်ကိုင်သူများက မြို့ကြီးများတွင် သာမက နယ်ဘက်များတွင်ပါ စည်းရုံးရေး လုပ်ငန်း များ ပစ္စည်းရောင်းချမှုများပြုလုပ်လာကြသည်။

မကြာသေးမီလပိုင်းအတွင်းက MLM ဆိုးကျိုးများနှင့် ပတ်သက်၍ DVB သတင်းဌာနမှ ရုပ်သံသတင်းတစ်ပုဒ် တင် ဆက်ခဲ့သည်။ ယင်းနောက် Aimstar ကုမ္ပဏီမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဂျိုးဇက်ဆိုသူက မီဒီယာ သမားများကို စော်ကားသည့်စကားများပြောဆိုခဲ့သည်။ ယင်းနောက် ပြည်တွင်းထုတ် သတင်းစာ၊ ဂျာနယ် များတွင် စီးပွားရေးပညာရှင်များ၊ ဥပဒေပညာရှင်များ၊ Anti-MLM ကမ်ပိန်းပြုလုပ်နေသည့်သူများနှင့် MLM ၏ ကောင်းကျိုးဆိုးကျိုးကိုပြောဆိုရေးသားမှုများကို ဖော်ပြလာကြသည်။

စီးပွားရေးပညာရှင်ပါမောက္ခဒေါက်တာအောင်ထွန်းသက်ကတော့ MLM က လူတွေကိုလိုက်လိမ်နေတာဟု မှတ်ချက်ပြု သည်။ အချို့ပညာရှင်များက ဥပဒေများနှင့်သာ လုပ်ကိုင်ခွင့်ပြုသင့်သည်ဟု မှတ်ချက်ပြုသည်။

“ဈေးတွေကတအားကြီးတော့ အချင်းချင်းရောင်းတယ် အပြင်လူကိုရောင်းဖို့ခက်တော့ သူတို့ကဝယ်သုံးမှရမှာ။ အဲ့တော့ ဘာဖြစ်သွားလဲဆိုတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ရင်းပြီးသုံး ကိုယ့်အောက်ကသူတွေလည်းရင်းပြီးသုံးကြ။ သုံးတဲ့အပေါ်မှာမူတည်ပြီး ဘောနပ်ပြန်ပေးနေတဲ့သဘောပေါ့။ ဒါမျိုးသွားနေကြတာများတယ်။ နောက်ပိုင်း ပိုဆိုးလာတာဘာလဲဆိုတော့ ရောင်းရတဲ့ Process မပါလာတော့ဘဲနဲ့ ဒီကုမ္ပဏီမှာ ပစ္စည်းတွေဝယ်သုံးနေတာနဲ့ ပိုက်ဆံရတယ်ဆိုပြီး လူလိုက်ဆွယ်နေတဲ့သဘောမျိုးပေါက်နေတာပေါ့” ဟု ယင်းလုပ်ငန်းကို ဆန့်ကျင်သည့် ကမ်ပိန်းဆောင်ရွက် နေသည့် ကိုဇင်ဇေလွင်ကပြောသည်။

ယင်းကဲ့သို့ ကုမ္ပဏီမှလစဉ်ဝယ်ယူရသည့်စရိတ်၊ ခရီးစရိတ်၊ ကုမ္ပဏီမှ ကျင်းပသည့် ဟောပြောပွဲသို့လာ ရောက်ရသည့်စရိတ်များကြောင့် အောက်ခြေ MLM လုပ်ကိုင်သူများမှာ အရှုံးပြလာသောကြောင့် လုပ်ငန်းရပ်ဆိုင်းလိုက်ရပြီး အချိန်၊ ငွေကြေး၊ လူမှုဝန်းကျင်ဆက်ဆံမှု၊ ဂုဏ်သိက္ခာတို့ ဆုံးရှုံးရလေ့ရှိကြောင်း MLM လုပ်ကိုင်ဖူးသူများကဆိုသည်။

“MLM လုပ်ပြီဆိုရင် ဟောပြောပွဲတွေတက်ရတယ်။ ဟောပြောပွဲအတွက် လူဖိတ်ခိုင်းရင် လက်မှတ်ကသုံး စောင်တစ်ပြိုင်တည်းဝယ်ရတယ်။ တကယ်လို့လူမရဘူးဆိုရင်သူတို့ဖာသာသူတို့လက်မှတ်ခွဲထားတယ်။ တစ်ခါဝယ်ရင် လက်မှတ်သုံးစောင်ဝယ်ရတယ်။ ကိုယ်ကမလာနိုင်ဘူးဆိုရင်လည်း အဲ့ဒီလက်မှတ်သုံး စောင်ခကိုဖြတ်တယ်။ သူတို့(ကုမ္ပဏီ)ဘက်ကို လုံးဝအနာမခံဘူး” ဟု MLM လုပ်ငန်းလုပ်ကိုင်ဖူးသည့် မနီလာ(အမည်လွှဲ)ကပြောသည်။
မနီလာအနေဖြင့် MLM လုပ်ငန်းအား နှစ်လခန့်လုပ်ကိုင်ဖူးပြီး ၎င်းစတင်ဝင်ရောက်လုပ်ကိုင်စဉ်တွင် ကုမ္ပဏီသို့ ဝင်ကြေးအပါအဝင် ပစ္စည်းဖိုး ရှစ်သိန်းခွဲပေးခဲ့ရသည်။ ထို့ပြင် ကုမ္ပဏီမှလူရှာခိုင်းသဖြင့် ဆွေမျိုးနီးစပ်သူ နှစ်ဦးကိုလည်း MLM လုပ်ငန်းလုပ်ကိုင်ရန်ရှာဖွေပေးခဲ့သည်။

ထို့ပြင် ကုမ္ပဏီမှဝယ်ယူထားသည့်ပစ္စည်းများကို လိုက်လံရောင်းချရာ နေ့စဉ်စားရိတ်စားက တစ်သောင်းခန့် ကုန်ကျခဲ့ပြီး ကုမ္ပဏီမှ တက်ရောက်ခိုင်းသည့် ဟောပြောပွဲများကိုလည်း တက်ရောက်ခဲ့ရကြောင်းသိရသည်။ MLM လုပ်ငန်းအားမနှစ်မြို့သည့်အတွက် ကိုဇင်ဇေလွင်နဲ့တွေ့ဆုံမေးမြန်းကာ အလုပ်မှထွက်ခဲ့ကြောင်း သိရသည်။
အောက်ခြေ MLM လုပ်ငန်းလုပ်ကိုင်သူများသည် မိမိတို့ဝယ်ယူထားသည့် ပစ္စည်းများကိုကုန်စင်အောင်ရောင်း ချနိုင်ရန်အတွက် မြို့အနှံ့ရင်းနှီးသည့်လူများ၊ ဆွေမျိုးများထံသွားရောက်၍ ပစ္စည်းရောင်းချခြင်းများကိုပြုရသည်။ ယင်းအတွက်ကြောင့် ခရီးစရိတ်ဆုံးရှုံးမှုများရှိသည်။

ထို့ပြင် အဆင့်ဆင့်ဝယ်ယူထားသောပစ္စည်းများဖြစ်သဖြင့် ကုန်ပစ္စည်းဈေးနှုန်းကြီးမြင့်မှုများကြောင့်လည်း ဝယ်ယူမည့်သူမရှိမှုများလည်း ကြုံတွေ့ရသည်။ ကုမ္ပဏီမှ လစဉ်မယူပါကလည်း ဆုကြေးဆုံးရှုံးရမည်ဖြစ်သည်။ ဆုကြေးများရရှိရန်အတွက်လည်း မိမိအောက်တွင် အလုပ်လုပ်ကိုင်မည့် လူများကိုရှာဖွေရသည့် ဒုက္ခ သည်လည်း မသေးလှ။

“လူမှုရေးကြိုက်တဲ့သူဆိုရင် လူမှုရေးနဲ့ဆွယ်တယ်။ အပျော်ကြိုက်တဲ့ လူငယ်တွေပေါ့ပေါ့ပါးပါး စိတ်ဓာတ်ခွန် အားတွေရတာကြိုက်တဲ့သူဆိုရင် အဲ့ဒါတွေနဲ့ဆွယ်တယ်။ ဆွယ်ပုံဆွယ်နည်းက အထဲမှာ အမျိုးမျိုးရှိတယ်။ ဒါတွေကို သူတို့ကစနစ်တကျသင်တယ်။ စနစ်တကျအသင်ခံထားတဲ့သူတွေနဲ့ တွေ့လာရင် လူတွေကဘာပဲ ပြောပြောယုံသွားတတ်ကြတယ်။ ပညာတတ်တွေတောင်ယုံပြီးပါသွားတာတွေတောင်ရှိတယ်”ဟု ကိုဇင်ဇေလွင် ကပြောသည်။

MLM လုပ်ကိုင်သည့်လူများကို သက်ဆိုင်ရာကုမ္ပဏီမှ ဟောပြောပွဲများ၊ လူဆွယ်နည်းသင်တန်းများပေးလေ့ရှိပြီး ယင်းကဲ့သို့သင်တန်းတက်ရောက်ဖူးသည့် MLM လုပ်ကိုင်သူများသည် အပြောအဟောကောင်းပြီး ၎င်းတို့၏ အပြောအဟောကောင်းမှုကြောင့် အောက်ခြေတွင် MLM လုပ်ကိုင်သူများပိုမိုများပြားလာခြင်းဖြစ်သည်။
အချို့သော MLM ကုမ္ပဏီများတွင် အဖွဲ့ဝင်ဦးရေမှာ သိန်းဂဏန်းအထိပင်ရှိသည်။ MLM လုပ်ငန်းတွင် အမှန်တကယ်အကျိုးဖြစ်ထွန်းသူများမှာ ထိပ်ပိုင်းမှလူနည်းစုသာဖြစ်သည်။

“ကျွန်တော့် သူငယ်ချင်းက ကျွန်တော်ဆီနေ့တိုင်းလာပြီးဆွယ်တယ်လေ။ ပရဟိတလုပ်တာ ကိုယ်ပိုက်ဆံရရင် ကိုယ်နဲ့နီးစပ်သူတွေလည်းဆွယ်ပေး ဒီအလုပ်ကကောင်းတယ် ပိုက်ဆံရတယ် ပင်ပန်းတာမဟုတ်ဘူး လွယ်လွယ်နဲ့ချမ်းသာတယ်ဆိုပြီးဆွယ်တယ်။ ကျွန်တော်ကစိတ်မဝင်စားဘူးလို့အပြတ်ပြောလိုက်တော့ နောက်တော့စိတ်ဆိုးပြီးပြန်သွားတယ်” ဟု MLM လုပ်ကိုင်ရန်အဆွယ်ခံရသည့် ကိုနေဇင်ဦးကပြောသည်။
ထို့ပြင် MLM ကုမ္ပဏီများမှ ရောင်းချသည့် ဓာတ်စာများ၊ အားဖြည့်စာများ၊ အလှကုန်ပစ္စည်းများသည် FDA မှ စစ်ဆေးထားခြင်းရှိမရှိလည်းမသိရှိနိုင်ပေ။ ဝယ်ယူသုံးစွဲမည့်သူများသည်လည်း မည်မျှကျန်းမာရေးအတွက် ဆိုးကျိုးရှိမရှိကိုလည်းစစ်ဆေး၍ သုံးစွဲမည်မဟုတ်။

“MLM ကုမ္ပဏီကပစ္စည်းတွေက FDA နယ်ပယ်နဲ့အကျုံးဝင်တဲ့ပစ္စည်းတွေမှ ကျွန်တော်တို့ဆီကထောက်ခံချက်ရမှ တင်သွင်းလို့ရမယ်။ သို့သော်ချွင်းချက်တစ်ခုရှိနိုင်တာက MLM ကုမ္ပဏီတွေက ဘာပစ္စည်းတွေရောင်း နေတယ်ဆိုတာကို ကျွန်တော်တို့က အကုန်မသိနိုင်ဘူး။ တရားဝင်ဌာနတွေကိုမဖြတ်သန်းဘဲနဲ့ တခြားနည်း လမ်းတစ်ခုခုနဲ့ တင်သွင်းပြီးတော့ရောင်းချတာရှိကောင်းလည်းရှိနိ်ုင်တယ်” ဟု FDA အစားအသောက်ဌာနခွဲမှ ညွှန်ကြားရေးမှူးဒေါက်တာထွန်းဇော်ကပြောသည်။

FDA အနေဖြင့် MLM ကုမ္ပဏီမှ ရောင်းချသည့်ပစ္စည်းများကို အကြောင်းပြချက်မရှိဘဲနှင့် ဝင်ရောက်စစ်ဆေး ခွင့်မရှိဘဲ အဆိုပါကုမ္ပဏီမှရောင်းချသည့်ပစ္စည်းများအားသုံးစွဲမှုကြောင့် အများပြည်သူ တစ်စုံတစ်ခုဖြစ်မှသာ ဝင်ရောက်စစ်ဆေးနိုင်ကြောင်း FDA မှ သိရသည်။

“ဒီပစ္စည်းတွေကို FDA က စစ်ဆေးထားလားဆိုတာကို ကျွန်တော်တို့ကိုမေးလိုက်ပါ။ အဲ့ဒါဆို ကျွန်တော် တို့စစ်ဆေး ပေးမယ်။ ဒါမှမဟုတ်ကိုယ့်ဖာသာစစ်ဆေးချင်ရင်လည်း ကျွန်တော်တို့ဌာနက ထောက်ခံထားတဲ့ ပစ္စည်းတွေဆို ကျွန်တော်တို့ Website မှ တင်ထားတယ်။ ဝင်ရောက်စစ်ဆေးနိုင်ပါတယ်” ဟု ၎င်းကထပ် လောင်းပြောဆိုသည်။

MLM ကုမ္ပဏီမှရောင်းချသော ပစ္စည်းများအား အသုံးပြုပြီး ပြည်သူလူထုတစ်စုံတစ်ခုဖြစ်ပေါ်လာပါက ဖြစ်စဉ်ပေါ်မူတည်၍ အမျိုးသားအစားအသောက်ဥပဒေ၊ အမျိုးသားဆေးဝါးဥပဒေ၊အလှကုန် နှင့် လူသုံးကုန်အမိန့်ကြေညာစာ၊ ပြည်သူ့ကျန်းမာရေးဥပဒေများနှင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း FDA မှသိရသည်။

လက်ရှိအချိန်တွင် MLM လုပ်ငန်းလုပ်ကိုင်သူများသည် မြို့ကြီးများတွင်သာမက တောရွာများသို့ပါ ယင်းလုပ်ငန်းများအတွက် အဖွဲ့ဝင်ရှာဖွေမှုများပြုလုပ်လာကြသည်။ တောရွာများတွင်နေထိုင်သူများသည် အသိပညာနည်းပါးခြင်းကြောင့် MLM လုပ်ကိုင်သူများ၏ ပြောစကားများကိုပါ ယုံကြည်ပြီး MLM လုပ်ငန်းများလုပ်ကိုင်လာမှုများလည်းရှိလာသည်။

“ဆိုးကျိုးနဲ့ ကောင်းကျိုးကိုခွဲမယ်ဆိုရင် ဆိုးကျိုးကအများကြီးတွေ့ရတယ်။ နိုင်ငံမှာ စီးပွားရေးအခွင့်အလမ်း တွေနည်းပါး ဒါတွေရယ် အသိပညာနည်းပါးအားနည်းတာတွေလည်းပါတယ်။ ဒါတွေကို ဘယ်လိုဥပဒေနဲ့ထိန်း ကြောင်းမလဲဆိုတာကိုလေ့လာဖို့လိုပါတယ်” ဟု စီးပွားရေးဆောင်းပါးများရေးသားနေသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးသန်းစိုး(ဘောဂဗေဒ)ကပြောသည်။

တရုတ်နိုင်ငံတွင် MLM လုပ်ကိုင်မှုအား ၂၀ဝ၅ ခုနှစ်မှစတင်၍ ပိတ်ပင်ထားပြီး တိုက်ရိုက်ရောင်းချခြင်း စနစ်ကိုသာ တင်းကျပ်သောစည်းမျဉ်းများဖြင့် ပိတ်ပင်ထားသည်ဟု China Briefing Business Intelligence from Dezan Shira & Associates က ရေးသားထားသည်။

ထို့ပြင် တိုက်ရိုက်ရောင်းချမည့် ကုမ္ပဏီများအနေဖြင့် စီးပွားရေးလိုင်စင်ရှိခြင်း၊ အကျိုးခံစားခွင့်အား တစ်လွှာ သာပေးရခြင်း(MLM လို အလွှာအဆင့်ဆင့်အလိုက်ပေး၍ မရပါ)၊ ရောင်းချသူတွင် လုပ်ငန်းလိုင်စင်ရှိခြင်း (ရောင်းချသူသည် ကုမ္ပဏီကပေးအပ်ထားသည့် အဆင့်မြင့်သင်ရိုးများကို တက်ကျွမ်းရမည်ဖြစ်ပြီး ပြီးဆုံးမှာ လိုင်စင်ရရှိမည်ဖြစ်သည်)၊ ရောင်းချသူသည် ရာထူး/အလုပ်အကိုင်တို့ကို ဖော်ပြရခြင်း၊ တံဆိပ်တပ်ဆင်ခြင်း၊ ရောင်းချသူ၏ အကျိုးခံစားခွင့်အား ရောင်းအား၏ ၃၀ ရာခိုင်နှုန်း ထက်မကျော်လွန်အောင်သတ်မှတ်ထားရခြင်း(ဆုကြေး၊ အကျိုးခံစားခွင့်၊အခြားသော ခံစားခွင့်များအပါအဝင်) စသည့်စည်းကမ်းများနှင့် တင်းကျပ်ထားသည်။

တရုတ်အစိုးရအနေဖြင့် MLM လုပ်ငန်းကို စတင်တည်ထောင်လူများ နှင့် ထိပ်ပိုင်းအသင်းဝင်များသည် တရား မဝင်နည်းလမ်းများ နှင့် အကျိုးရလာဒ်များရရှိပြီး၊ သာမန်စီးပွားရေးတည်ငြိမ်လည်ပတ်မှုကို အနှောင့် အယှက်ဖြစ်စေခြင်း၊ လူမှုရေးအရ တည်ငြိမ်အခြေကျနေမှုများကိုလည်း အကျိုးသက် ရောက်မှုများဖြစ် စေနိုင်တာကြောင့် MLM ကိုပိတ်ပင်ထားခြင်းဖြစ်ပါသည်။

MLM ကို အမေရိကန်၊ ဗြိတိန် နှင့် စင်္ကာပူလိုနိုင်ငံများတွင် တရားဥပဒေအရခွင့်ပြုထားပေမယ့် တင်းကျပ်သောစည်းမျဉ်းများ ခွင့်ပြုထားခြင်းဖြစ်သည်။

ယင်းကဲ့သို့ အင်အားကြီးနိုင်ငံများ၊ ဒီမိုကရေစီပြည့်ဝသော နိုင်ငံများတွင် MLM လိုလုပ်ငန်းများကို တင်းကျပ်စွာ ခွင့်ပြုထားတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံအစိုးရအနေဖြင့်လည်း ပြည်တွင်းမှာရှိတဲ့ MLM ကုမ္ပဏီများ၏ ဆောင်ရွက်ချက်များကို စစ်ဆေးသင့်ကြောင်း မြန်မာနိုင်ငံတွင် ခန့်မှန်းခြေ MLM ကုမ္ပဏီ လေးငါးဆယ် ဝန်းကျင်ရှိပြီး ကုမ္ပဏီကြီး ၂၀ ဝန်းကျင်ခန့်ရှိကြောင်း ကိုဇင်ဇေလွင်ကခန့်မှန်းပြောဆိုသည်။

ယင်းအတွက်ကြောင့် ပြည်သူ့အစိုးရအနေဖြင့် ကိုယ့်ပြည်သူအကျိုးကိုရှေးရှု၍ MLM လုပ်ငန်း ဆောင်ရွက် ချက်များ သိရှိနားလည်အောင်ဆောင်ရွက်သင့်ပြီး MLM လုပ်ငန်းသည် ပြည်သူများ အတွက်အကျိုးမရှိပါက တင်းကျပ်သောဥပဒေများထုတ်ပြန်၍ တားဆီးသင့်ကြောင်း စီးပွားရေးပညာရှင်နှင့် ဥပဒေပညာရှင်များက ထောက်ပြပြောဆိုထားကြသည်။

Leave a Reply