ရန်ကုန်၊ သြဂုတ် ၂၂
ရိုးဂုဏ်

ရန်ကုန်တွင် သတင်းစာရှင်းလင်းပွဲများ ပြုလုပ်လေ့ရှိသော Orchid ဟိုတယ်ပိုင်ရှင် ဦးဌေးအောင်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆို ဖမ်းဆီးခြင်းမှာ NLD ပါတီ၏ လုပ်ရပ်မဟုတ်ကြောင်း ပါတီက ငြင်းဆိုလိုက်သည်။

၎င်းသည် လွန်ခဲ့သော နှစ်အနည်းငယ်က စတင်ကာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့ဝင်များကို နာမည်နှင့်တကွ စွပ်စွဲပြောဆိုမှုများ ပြုလုပ်နေသူဖြစ်ပြီး လာမည့်ရွေးကောက်ပွဲတွင်လည်း ဒေါ်အောင်ဆန်းစုကြည် အရွေးချယ်ခံမည့် ကော့မှူးမြို့နယ်တွင် ရွေးကောက်ပွဲဝင်ရန် စီစဉ်နေသူဖြစ်သည်။

သြဂုတ် ၂၁ ရက်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က)ဖြင့် ဖမ်းဆီးခံခဲ့ရချိန်တွင် ယင်းကိစ္စကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြုလုပ်သည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ “ NLD အနေနဲ့ဒါကိုလုပ်မှာမဟုတ်ပါဘူး။ လုပ်ဖို့လည်း ညွှန်ကြားတာမျိုးတွေ မရှိပါဘူး ” ဟု ပါတီတာဝန်ရှိသူတစ်ဦးဖြစ်သည့် မုံရွာအောင်ရှင်က ပြောသည်။

တရားစွဲဆိုခြင်းကို ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်တိုင်တန်းခဲ့ခြင်း ဖြစ်ပြီး ချုပ်ရက် ရမန်အဖြစ် ရက်သတ္တ နှစ်ပတ် ရယူထားကြောင်း သိရသည်။

တရားစွဲဆို ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး ဦးဌေးအောင်က “သတ္တိရှိရှိ ဆောင်ရွက်သွားပါမည်” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့ပြီး ယင်းစာသားကို ပြန်လည်မျှဝေသူ ၁၉၀၀ ကျော် ရှိခဲ့သည်။

၎င်းကို တရားစွဲဆိုဖမ်းဆီးခြင်းနှင့် ပတ်သက်၍ နိုင်ငံရေးအသိုင်းအဝိုင်းက သဘောထားမှတ်ချက်မပြုကြသော်လည်း နိုင်ငံတော် အကြည်ညိုပျက်စေမှုဟူသည့် ပုဒ်မကို အသုံးပြုခြင်းအပေါ် ဝေဖန်မှုများ ရှိသည်။

ပုဒ်မ ၁၂၄ (က)သည် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သည့် ပုဒ်မ ဖြစ်သည်။

Leave a Reply