Photo – BBC

မော်လမြိုင် ၊ မတ် ၁၅ ။ ။ မွန်သွေးမကင်းသူ ဦးထင်ကျော်ကို နိုင်ငံတော်သမ္မတအဖြစ်တင်မြောက်မှုကို ထောက်ခံကြိုဆိုကြောင်း မွန်နိုင်ငံရေး ပါတီ အချို့နှင့် နိုင်ငံရေးသမား များကသုံးသပ်ပြောကြားသည်။

“ဒီမိုကရေစီအင်အားစုကနေ တက်လာတဲ့ သမ္မတ ပေါ့ ဗျာ၊ဒီအခင်းအကျင်းကတော့ အားရဝမ်းသာမှုတော့ ဖြစ်မိ ပါတယ်၊”ဟု မွန်အမျိုးသားပါတီ မုဒုံ(၁)ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမင်းကြည်ဝင်းက ပြော သည်။

ဦးထင်ကျော်သည် မွန်လူမျိုးသွေးဖြစ်သောကြောင့်သမ္မတတစ်ယောက် အနေနှင့် တိုင်းရင်းသား အားလုံးကို ညီတူ ညီမျှ ပူးပေါင်းဆောင်ရွက်နိုင်မည်ဟုယုံကြည်ကြောင်း ၎င်းကပြောသည်။

“အကုန်လုံးက လက်ခံကြတယ်လေ၊ ကျွန်တော်တို့လည်းလက်ခံ နိုင်ပါတယ်၊ NLDကနေပြီး တော့၊ အကုန် လုံးလက်ခံနိုင်တဲ့ ဦးထင်ကျော်လိုလူကိုရွေးချယ်တင်မြှောက်ပေးနိုင်စွမ်းရှိတဲ့အတွက် NLDကို လည်း ကျွန်တော်တို့ ဂုဏ်ယူပါတယ်”ဟု

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ချောင်းဆုံအမှတ်(၁) ပြည်နယ်လွှတ် တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးကပြောသည်။

ဦးထင်ကျော်အနေဖြင့် မွန်လူမျိုးသွေးပါရှိပြီး နိုင်ငံတော် သမ္မတနေရာ တင်မြှောက်ခံရသည့် အတွက် မွန်လူထု အတွက်ဂုဏ်ယူမိကြောင်း ၎င်းကထပ်လောင်းပြောသည်။

ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတ(၁)နှင့် ဒုတိယ သမ္မတ(၂)တို့ ကို မဲခွဲဆုံး ဖြတ်ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က တင်သွင်းသည့် ဦးထင်ကျော် ကို နိုင်ငံတော် သမ္မတအဖြစ်ရွေးချယ်တင်မြှောက် လိုက်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း က ပြောသည်။

နိုင်ငံတော် အာဏာ လွှဲပြောင်းခြင်း အခန်းအနား ကို မတ်လ ၃၀ရက်နေ့ နံနက် ၁၀နာရီ၊ နေပြည်တော် လွှတ်တော် တွင် ဝန်ကြီးအဖြစ် လျာထားသည့် ပုဂ္ဂိုလ်များက ကျမ်းသစ္စာကျိမ်ဆိုပြီး နိုင်ငံတော်သမ္မတအဖြစ် တင်မြှောက်ခံ ရသည့် ဦးထင်ကျော်ကမိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်းNLDပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကပြောသည်။

ပြည်ထောင်စုလွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာတွင် ပြည်သူ့လွှတ်တော်က တင်သွင်းသည့် ဦးထင်ကျော်သည် ဆန္ဒမဲ စုစုပေါင်း (၃၆၀) ရရှိပြီး နိုင်ငံတော် သမ္မတ အဖြစ်ရွေးချယ် လိုက်သည်။

တပ်မတော်ကိုယ်စားလှယ် အစုအဖွဲ့က တင်သွင်းသည့် ဦးမြင့်ဆွေက ဆန္ဒမဲစုစုပေါင်း(၂၁၃)မဲ ရရှိခဲ့ကာ ဒုတိယ သမ္မတ(၁) အဖြစ် ရွေးချယ် လိုက်သည်။

အမျိုးသားလွှတ်တော်အစုအဖွဲ့ က တင်သွင်းသည့် ဦးဟင်နရီ ဗန်ထီးယူက ဆန္ဒမဲစုစုပေါင်း (၇၉)မဲရရှိပြီး ဒုတိယ သမ္မတ (၂)အဖြစ် ရွေးချယ်တင်မြောက် လိုက်သည်။

မတ်လ ၁၅ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို လွှတ်တော် ကိုယ်စားလှယ် ၆၅၂ဦး တက်ရောက်ခဲ့ပြီး ပျက်ကွက်သူ တစ်ဦး သာရှိကြောင်း NLD ပါတီဝင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ကဆိုသည်။

ဦးထင်ကျော်သည် အမျိုးသားစာရေးဆရာကြီး မင်းသုဝဏ် ၏ သားဖြစ် ပြီး NLD ပါတီ ခေါင်းဆောင် ဦးလွင် ၏ သမီး ဒေါ်စုစုလွင်နှင့် လက်ထပ်ထားသူ ဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် အနေနီးစပ် သူတစ်ဦးလည်းဖြစ်သည်။

Leave a Reply