မေ ၅ ရက်နေ့က ရန်ကုန် မြို့တော်ခန်းမရှေ့ ဆန္ဒပြပွဲတစ်ခုတွင် ဟောပြောနေသော ဦးဝီရသူ (ဓာတ်ပုံ - MPA)

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲခံထားရသော ဦးဝီရသူအား ရဲတပ်ဖွဲ့က ယနေ့ ဇွန်လ ၄ ရက်နေ့ထိ ရုံးတော်သို့ခေါ်ဆောင်လာနိုင်ခြင်း မရှိသဖြင့် ဦးဝီရသူအား အနောက်ပိုင်းခရိုင် တရားရုံးက တရားခံပြေးအဖြစ် ယနေ့ ကြေညာလိုက်ပြီဖြစ်သည်။

၎င်းကို မူလအမှုဖွင့်ထားသည့် ရာဇသတ်ကြီးမှုအမှတ် ၄၇/၂၀၁၉ ကို ရာဇဝတ်အထွေထွေမှုအမှတ် ၃၉/၂၀၁၉ အဖြစ် ပြောင်းလဲ ဖွင့်လှစ်လိုက်ကြောင်း အနောက်ပိုင်းခရိုင်တရားရုံးမှ ပြန်ကြားရေးအရာရှိ ဦးမင်းသန့်က ပြောသည်။

ထိုအတွက် ဝရမ်းအသစ် ထုတ်ရမည် ဖြစ်ပြီး ဦးဝီရသူအမှုအတွက် ရုံးချိန်းကို ဇွန်လ ၁၁ ရက်သို့ ပြန်လည် ချိန်းဆိုလိုက်သည်။

ရာဇဝတ် အထွေထွေမှုဆိုသည်မှာ ရာပြေး၊ တရားခံပြေးအဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်ပြီး၊ တရားရုံးက ထိုသို့ တရားဝင် သတ်မှတ်လိုက်ပါက ဦးဝီရသူကို တွေ့ရှိသည့် တာဝန်သိ ပြည်သူများအနေဖြင့် ဖမ်းဆီး၍ သက်ဆိုင်ရာ ရဲစခန်းသို့ အပ်နှံနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ရှင်းပြသည်။

ဦးဝီရသူမှာ လူသေဆုံးမှုများဖြစ်ပွားခဲ့သော ဘာသာရေးအဓိကရုဏ်းတွင် ပါဝင်မှုကြောင့် ဘာသာသာသနာညိုးနွမ်းစေမှုပုဒ်မ အပါအဝင် ပုဒ်မပေါင်းများစွာဖြင့် ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံရဖူးသူ ဖြစ်သည်။

လွတ်ငြိမ်းချမ်းသာဖြင့် ထောင်မှလွတ်ပြီးနောက် အမုန်းတရားဟောပြောမှုများ ပြုလုပ်မှုကြောင့် နာမည်ဆိုးဖြင့် ထပ်မံကျော်ကြားလာသော ဦးဝီရသူသည် လက်ရှိ အစိုးရအဖွဲ့ကို အားလုံးသူခိုးတွေပဲဟု မကြာသေးမီက မြိတ်မြို့ဟောပြောပွဲတစ်ခုတွင် စွပ်စွဲပုတ်ခတ် ပြောဆိုခဲ့သည်။ လွန်ခဲ့သည့်လ ရန်ကုန်မြို့ဟောပြောပွဲတစ်ခုတွင်လည်း လွှတ်တော်တွင်းရှိ တပ်မတော်ကိုယ်စားလှယ်များကို မြန်မာပြည်သူလူထုက ဘုရားကဲ့သို့ ကိုးကွယ်သင့်ဟု ပြောဆိုမှုများကြောင့် ဗုဒ္ဓဘာသာဝင်အများစုဖြစ်သော ပြည်သူလူထူ၏ဝေဖန်မှုကို ခံနေရသည်။

ဇွန်လ ၃ရက်နေ့တွင် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနက ထုတ်ပြန်သော ထုတ်ပြန်ချက်တွင် ဦးဝီရသူကို ရန်ကုန်တိုင်းသံဃနာယကအဖွဲ့က ထပ်မံဆင့်ခေါ်ပြီး ဆုံးမ ဩဝါဒပေးမည်၊ ထိုကိစ္စသည် နိုင်ငံတော် ကြည်ညိုပျက်စေမှုဖြင့် ၎င်းအား တရားစွဲထားသည့် အခြေအနေနှင့် သီးခြားကိစ္စဖြစ်ကြောင်း၊ ဆင့်ခေါ်ပြီး ဆုံးမဩဝါဒပေးမှုကို လိုက်နာခြင်းမရှိပါက သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ပါရှိသည်။

အစိုးရကို ပြင်းပြင်းထန်ထန် ပြောဆိုမှုများနှင့် ပတ်သက်ပြီး ဦးဝီရသူကို အရေးယူရန် အမှုတည်ဆောက်လျက်ရှိကြောင်း သာသနာရေးဝန်ကြီးဌာနကလည်း တရားဝင် ထုတ်ပြန်ပြောဆိုထားသည်။

ရန်ကုန်အနောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစန်းမင်းက ဦးဝီရသူ၏ မေလ ၅ ရက် ရန်ကုန်မြို့ မဟာဗန္ဒုလ ပန်းခြံရှေ့ ဟောပြောချက်များမှာ အုပ်ချုပ်ရေးအပါအဝင် မဏ္ဍိုင်ကြီး သုံးရပ်ကို စော်ကားပြောဆိုသည့်အပြင် ဆဲဆိုခြင်းဖြစ်သည်ဟု စွပ်စွဲကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) ဖြင့် ခရိုင်တရားရုံးကို မေ ၂၈ တွင် ဦးတိုက်လျှောက်ထားခဲ့သည်။

ယင်းဦးတိုက်လျှောက်ထားမှုအတွက် တရားရုံးတော်က ဖမ်းဝရမ်းထုတ်ခဲ့ပြီး ဇွန်လ ၄ ရက်နေ့ နောက်ဆုံးထားပြီး တရားရုံးတော် ရှေ့မှောက်သို့ တင်သွင်းရမည်ဟု သတ်မှတ်ထားသော်လည်း ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခြင်း မရှိ၍ တရားရုံးတော်က တရားခံပြေးအဖြစ် သတ်မှတ်ကာ ဖမ်းဝရမ်း အသစ်ထပ်ထုတ်ရန် လုပ်ဆောင်ခြင်းဖြစ်သည်။

Leave a Reply