Advertisements

ဘားအံ၊ စက်တင်ဘာ ၁၃

ဦးဝီရသူအပါအဝင် အမျိုးသားရေးလှုပ်ရှားသူ ပါဝင်ဟောပြောသည့် ဘားအံဟောပြောပွဲ စီစဉ်သူများကို ဥပဒေအရ အရေးယူနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၏ တင်ပြမှုအပေါ် ပြည်နယ်တာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်းလုပ်ဆောင်နေကြောင်း သိရှိရသည်။

စက်တင်ဘာ ၁၀ ရက်က ဘားအံမြို့၊ တောင်ကလေးနှစ်သစ်ကူးကွင်း၌ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အစွန်းရောက် ဘင်္ဂါလီများ၏ အကြမ်းဖက်တိုက်ခိုက်မှုအပေါ်  ကန့်ကွက်ရှုတ်ချခြင်း၊ အမျိုးဘာသာဖိနှိပ်ချုပ်ချယ်မှု ရပ်တန့်ရေးနှင့် ပြည်ထောင်စုဖွား တိုင်းရင်းသားများ သွေးစည်းညီညွတ်ရေးအတွက် အထူးအသိပေးခြင်း ဟောပြောပွဲကိုကရင်ပြည်နယ် မဘသအဖွဲ့ဝင်နှစ်ဦးနှင့်ဆရာတော်တစ်ဦးမှ ငြိမ်းစုစီဥပဒေအရ ၂၄ နာရီ ကြိုတင်အသိပေး လုပ်ဆောင်ခြင်းတစ်မျိုးသာ ဥပဒေနှင့် လျော်ညီသော်လည်း ကျန်အစီအစဉ်များတွင် ကွဲလွဲမှုများ၊ ချိုးဖောက်မှုများရှိနေခြင်းကြောင့် ဥပဒေအရ အရေးယူနိုင်ရန် တင်ပြထားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဟောပြောခွင့်တင်တဲ့ အချိန်တုန်းက ဒီအချိန်၊၊ ဒီပွဲမျိုးလုပ်ဖို့ မ သင့်တော်ဘူးလို့တားတယ်။ ဒါပေမဲ့လုပ်တော့လည်း သူတို့ခွင့် ပြုချက်တင်တဲ့ ခေါင်းစဉ်နဲ့မဆိုင်တဲ့ အမုန်းစကားတွေ ဟောပြော တာမျိုးပြောတယ်။ နောက်ပြီး ကျင်းပမယ့်နေရာ၊ ထောက်ခံချက်၊ လာမယ့်လူဦးရေကတင်တဲ့အထဲမှာ ၅၀၀၀ သူတို့ကြေညာတာတွေမှာက ၄သောင်းတို့၊ ၃ သောင်းတို့ လှုံ့ဆော် ရေးသားနေတာတွေက တစ်မျိုးဖြစ်အောင် လုပ်တယ်။ အခမ်းအနားအပြင်အဆင်၊ အလံ၊ ကြွေးကြော်သံ၊ ဟောပြောချက်၊ ဒါတွေ မပြည့်စုံဘူး။ ပြည်နယ်တာဝန်ရှိသူတွေကိုလည်း ဆက်လက်လုပ်ဆောင်ကြဖို့ တင်ပြထားတယ်” ဟု မြို့နယ်
အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းက ပြောသည်။

ပွဲစီစဉ်သူများထံမှသိရှိရသည်မှာ ဦးဆောင်ဆရာတော် ဦးဝီရသူမှာ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့မှ တရားဟောခွင့်တစ်နှစ် ပိတ်ပင်တားမြစ်ထားသော်လည်း ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်းတို့တွင် ဝစီပိတ်ဆန္ဒပြခြင်းများပြုလုပ်ခဲ့သလိုရန်ကုန်နှင့် ဘားအံမြို့တို့တွင် ဟောပြောပွဲအသွင်ဖြင့်ဟောပြောခြင်း ဖြစ်ကြောင်းပြည်နယ်အစိုးရ တာဝန်ရှိသူတစ်ဦး၏ ပြောစကားအရ စက်တင်ဘာ ၁၂ ရက်နေ့ က ပြည်နယ်အဆင့်တာဝန်ရှိသူများက ဇွဲကပင်တောင်ဆရာတော် ဦးကဝိဓဇထံ သွားရောက် တွေ့ဆုံညှိနှိုင်းမှုများပြုလုပ်ကြကြောင်း ၊ ယခုအချိန်တွင် နိုင်ငံတကာစောင့်ကြည့်မှုများ၊ ပြောဆိုဝေဖန်မှုများ ရှိနေသည်ကို သတိပြုပြီး ပြည်နယ်အတွင်း လူမျိူးရေးဆူပူအုံကြွမှုများမဖြစ်ပေါ်စေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ ဟောပြောပွဲတွင်မဘသအဖွဲ့အား အစိုးရက တရားဝင်ပြန်လည်ခွင့်ပြုရေး၊ အပိတ်ခံထားရသည့် အောင်ဇေရတုဂျာနယ်နှင့် အတုမရှိ ဂျာနယ်တို့ကို ပြန်လည် ထုတ်ဝေခွင့်ပေးရေး၊ ဖမ်းဆီးခံထားရသည့် အမျိုးသားရေးလှုပ်ရှားသူများကို ပြန်လည်လွှတ်ပေးရေးစသဖြင့် တောင်းဆိုခဲ့ပြီး သတင်းမီဒီယာများ၊ ပါတီများ၊ အစိုးရ အဖွဲ့များအပေါ်  ဝေဖန်ပြောဆို မှုများ ဟောပြော ခဲ့ကြသည်။

မဘသဆိုင်းဘုတ်များကိုဇူလိုင် ၁၅ ရက်နောက်ဆုံးထားဖျက်သိမ်းရန်နှင့် မဘသအမည်ဖြင့် မည်သည့်အမှုကိစ္စမျှ မဆောင်ရွက်ရန် နိုင်ငံတော် သံဃာ့ မဟာနာယကအဖွဲ့(မဟန)ကပြီးခဲ့သည့် မေလ ၂၃ ရက်စွဲဖြင့် ထုတ်ပြန်ထားသော်လည်း ကရင်ပြည်နယ်နှင့် မန္တလေးတိုင်းမှ မဘသအဖွဲ့များကမူ ယခုအချိန်အထိ ဆိုင်းဘုတ်များကိုဖျက်သိမ်းခြင်းမရှိသေးဘဲ ဆက်လက်လုပ်ဆောင်နေကြခြင်းဖြစ်သည်။

Written by – ရာဟု(ဖားအံ)

Advertisements
<

Leave a Reply