မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၈ ။ ။ ပြည်ထောင်စုလွှတ်တော်မှ ပြဌာန်းလိုက်သည့် အခွန်စည်းကြပ်ခြင်းဆိိုင်ရာ ဥပဒေပုဒ်မ ၂၄ အရ လာမည့် ဧပြီ ၁ ရက်မှစတင်၍ အခွန်နှုန်းထားများ ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန မွန်ပြည်နယ် လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းခိုင်က ဟင်္သာမီဒီယာသို့ ပြောသည်။

texesoffice

အသစ်ပြဌာန်းလိုက်သော အခွန်စည်းကြပ်ခြင်းဆိုင်ရာ ဥပဒေအရ အခွန်ရာခိုင်နှုန်းကို ငါးဆအထိ တိုးမြှင့် စည်းကြပ်မည်ဖြစ်ပြီး၊ ၁ ကျပ်မှ သိန်း ၃၀၀ ကျပ်အထိ ၁၅ ရာခိုင်နှုန်း၊ သိန်း ၃၀၁ ကျပ်မှ သိန်း ၁၀၀၀ ကျပ် အထိ ၂၀ ရာခိုင်နှုန်း၊ သိန်း ၁၀၀၁ ကျပ်နှင့်အထက်ကို ၃၀ ရာခိုင်နှုန်းဖြင့် တိုးမြှင့်စည်းကြပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဥပဒေအရ လက်ရှိ အခွန်စည်းကြပ်မှုနှုန်းထားတွေက လျော့ပေါ့ပေးထားတာ၊ အရင် အပြောင်းအလဲ ကာလတွေမှာ တချို့တွေက အခွန်မဆောင်ရသေးတာရှိတယ်၊ အခွန်ပေးဆောင်နိုင်အောင် နှုန်းကို လျော့ချပေးထားတယ်၊ ခု ပြဌာန်းလိုက်တဲ့ ဥပဒေက လမ်းကြောင်းမှန်ပေါ် ပြန်လည် ဆွဲတင်လိုက်တယ် လို့မြင်တယ်”ဟု ၎င်းက ပြောကြားသည်။

လက်ရှိအချိန်တွင် အခွန်စည်းကြပ်မှု ရာခိုင်နှုန်းများမှာ တစ်ကျပ်မှ သိန်း ၁၀၀၀ ကျပ်အထိကို သုံးရာခိုင်နှုန်း၊ သိန်း ၁၀၀၁ ကျပ်မှ သိန်း ၅၀၀၀ ကျပ်အထိကို ငါးရာခိုင်နှုန်း၊ သိန်း ၅၀၀၁ ကျပ်မှ သိန်း ၁၀၀၀၀ ကျပ်အထိကို ၁၀ ရာခိုင်နှုန်း၊ သိန်း ၁၀၀၀၁ ကျပ်မှ သိန်း ၁၅၀၀၀ ကျပ်အထိကို ၂၀ ရာခိုင်နှုန်း၊ သိန်း ၁၅၀၀၁ နှင့်အထက်ကို ၃၀ ရာခိုင်နှုန်းဖြင့် ကောက်ခံလျက်ရှိကြောင်း ၄င်းက ထပ်မံရှင်းပြသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မကုန်မီ ဖေဖော်ဝါရီ ၁၇ ရက်အထိ မွန်ပြည်နယ်အတွင်း အခွန်ငွေ ကျပ်သန်းပေါင်း ၉၄၆၉ ဒသမ ၆၄၈ ထိကောက်ခံရရှိထားကြောင်း မွန်ပြည်နယ် အခွန်ဦးစီးဌာနမှူးရုံးမှ သိရသည်။

Leave a Reply