News Federal Times

ရန်ကုန်၊ မေ ၃။     ။အနိမ့်ဆုံးလုပ်ခလစာကို ကျပ်(၅၆၀၀)သို့တိုးမြှင့်သတ်မှတ်ပေးပြီး ကုန်ဈေးနှုန်းမတက်စေရေးအတွက်လည်း ကြိုတင်ပြင်ဆင်ထားမှုများ လုပ်ဆောင်ရန်လိုအပ်ကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူများထံမှ သိရှိရသည်။

“တိုင်းပြည်မှာ လုပ်ခလစာတိုးတိုင်း ကုန်ဈေးနှုန်းတက်လေ့ရှိတာကြောင့် အလုပ်သမားတွေအနေနဲ့ နစ်နာမှုတွေ ဖြစ်နေရပြီး အနိမ့်ဆုံးလုပ်ခလစာကို(၅၆၀၀)တိုးမြှင့်မယ်ဆိုရင် အလုပ်သမားတွေအတွက် အမှန်တကယ် ရရှိတဲ့ ငွေဖြစ်စေလိုတယ်။”ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အလုပ်သမားရေးရာ တာဝန်ခံ ဒေါ်သက်သက်အောင်က ပြောသည်။

အနိမ့်ဆုံးလုပ်ခလစာကို (၂)နှစ်တစ်ကြိမ် ပြင်ဆင်ရန်သတ်မှတ်ထားခြင်းကြောင့် ၂၀၁၇ ခုနှစ်တွင် (၅၆၀၀)ကျပ် အဖြစ် ပြန်လည်ပြင်ဆင်သတ်မှတ်ပေးရန် အလုပ်သမားများက တောင်းဆိုနေကြခြင်းဖြစ်သည်။

အစိုးရသစ်လက်ထက်တွင် အခြေခံအလုပ်သမားများအတွက် တစ်နေ့လျှင် အလုပ်ချိန်(၈)နာရီ၊ အနိမ့်ဆုံးလုပ်ခ လစာ ကျပ်(၅၆၀၀)သတ်မှတ်ပေးရေးအတွက် မေ ၁ ရက်က ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ကနောင်ခန်းမ၌ ကျင်းပခဲ့သည့် (၁၂၇)ကြိမ်မြောက် အလုပ်သမားနေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ ကွန်ယက်နှင့် Wegeneration Network တို့၏ပူးတွဲကြေညာချက်တွင်လည်း အချက်တစ်ချက်အနေဖြင့် ထည့်သွင်း ကြေညာခဲ့သည်။

တိုးမြှင့်ပေးရန်တောင်းဆိုနေသည့် အနိမ့်ဆုံးလုပ်ခလစာ(၅၆၀၀)ကျပ်သည် လက်ရှိကုန်ဈေးနှုန်းကြီးမြှင့်မှုနှင့် တွက်ဆကြည့်ပါက လုံလောက်သည့်ပမာဏမဟုတ်ဘဲ တိုးမြှင့်ပေးမည့်လုပ်ခလစာသည် အိမ်နီးချင်းနိုင်ငံများ တွင်ပေးသည့် လုပ်ခလစာ၏ ထက်ဝက်အနေအထားတွင်သာရှိကြောင်း သိရသည်။
“လုပ်ခလစာတိုးမြှင့်ပေမယ့် ကုန်ဈေနှုန်းတွေ လိုက်လံကြီးမြင့်နေရင် အလုပ်သမားတွေဖက်က ထပ်မံတိုးမြှင့် ပေးဖို့ တောင်းဆိုနေမှာဖြစ်တာကြောင့်အစိုးရအနေနဲ့ ငွေကြေးဖောင်းပွမှုကို စီးပွားရေးပေါ်လစီအရ ထိန်းချုပ် သင့်တယ်။”ဟု မြန်မာနိုင်ငံခုံသမာဓိကောင်စီအဖွဲ့ဝင်ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးဌေးက ပြောသည်။
မြန်မာနိုင်ငံတွင် အလုပ်သမားများအတွက် အနိမ့်ဆုံးလုပ်ခလစာကျပ်(၃၆၀၀)ကို ၂၀၁၅ ခုနှစ်အတွင်းက အလုပ်ရှင်များ၊ အလုပ်သမားနှင့် အစိုးရတို့တွေ့ဆုံဆွေးနွေးမှုများပြုလုပ်၍ သတ်မှတ်ခဲ့ရကြောင်း သိရသည်။

MMK

Leave a Reply