သမိုင်းဝင်ကော့ဂွန်းဂူကြီးသည် အလွန်ကိုရှေးကျပြီးစိတ်ဝင်စားမှုသမိုင်းတွေပြည့်နှက်နေတဲ့ ရှေးဟောင်းဂူတစ် ဂူဖြစ်သည်။ အေဒီ(၇)ရာစုမှ(၁၁)ရာစုထိ သုဝဏ္ဏဘုမ္မိသထုံခေတ်မှ ကွဲထွက်ပျံ့နှံ့လာသောယဉ်ကျေးမှု ဟု သုတေသနဆရာများမှသတ်မှတ်ထားသည်။
ရှေးဟောင်းအမွေအနှစ်များဖြင့် ပြည့်နှက်နေသောကြောင့် သမိုင်းဝင်ကော့ဂွန်းဂူသည်ထင်ရှားသောဂူတစ်ခုအဖြစ် ကရင်ပြည်နယ်တွင် တည်ရှိနေသည်။ ဘုရားဖူးဧည့်သည်များနှင့် စိတ်ဝင်စားသူများလာရောက်လည်ပတ်လေ့လာနိုင်စေရန် ဖိတ်ကြားလိုက်ရပါသည်။ kg

ကော့ဂွန်းဂူသည် သမိုင်းဝင်ဘုရားများနှင့်ပြည့်နှက်နေပြီး အလွန်ထူးခြားဆန်းကြယ်သောဂူတစ်ဂူဖြစ်သည်။ ကော့ဂွန်းရွာတွင်တည်ရှိသောကြောင့် ကော့ဂွန်းဂူဟုခေါ်သည်။ ကော့ဂွန်းရွာသည် ကရင်ပြည်နယ်/ဘားအံမြို့နယ်/ဖားကပ်ကျေးရွာအုပ်စုသံလွင်မြစ်၏ အနောက်ဘက်တွင်တည်ရှိသည်။ ကော့ဂွန်းဂူကို မော်လမြိုင်မှလာလျှင်(၃၁)ခန့် ဝေးပြီးဘားအံမြို့မှ(၇)မိုင်ခန့်ဝေးသည်။ ဂူတော်ကြီးသည် ဘားအံမြို့ရဲ့အနောက်တောင်ဘက်ယွန်းယွန်းတွင် တည်ရှိသည်။

ဘားအံမြို့မှရန်ကုန်ဘားအံအဝေးပြေးလမ်းမအတိုင်း သထုံမြို့ဘက်သို့ခရီးဆက်ခဲ့လျှင်သံလွင်တံတား(ဘားအံ)ကိုကျော်ဖြတ်ပြီး လမ်းသုံးခွတစ်ခုသို့ရောက်မည်။ ထိုနေရာသို့ရောက်လျှင် ဂူဘုရားသို့ညွှန်ပြရာဆိုင်းဘုတ်ကြီးတစ်ခုကိုတွေ့မြင်ရမှာဖြစ်သည်။ အဝင်လမ်းဝဘားကပ်ရွာမှတစ်ဆင့်(၂)မိုင်လောက်ဆက်ပြီးဝင်ခဲ့လျှင် ကော့ဂွန်းရွာ၌ရှိသောသမိုင်းဝင်ရှေးဟောင်းကော့ဂွန်းဂူကိုရောက်ရှိမှာဖြစ်ပါသည်။

အလည်လာရောက်လည်ပတ်သောဧည့်သည်တော်များသည် ရှေးဟောင်းသမိုင်းဝင်ကော့ဂွန်းဂူကြီးသို့ရောက် လျှင်ခြင်္သေ့နှစ်ကောင်/လွတ်လပ်ရေးကျောက်တိုင်/နတ်ရေကန်စသည်တို့ကိုရှေ့ဦးစွာတွေ့မြင်နိုင်သည်။ ဂူ အတွင်းပိုင်းနှင့်အပြင်ဘက်အနောက်မြောက်ထောင့်တွင်ချိုင့်တွင်းနက်တစ်ခုရှိသည်။
ဂူကြီးသည်ထုံးကျောက်တောင်၏အရှေ့ဘက်တွင်တည်ရှိပြီးအလင်းရောင်ကိုကောင်းစွာရရှိပါသည်။

လှိုဏ်ဂူအဝင်သည်မြေပြင်ထက်(၁၀)ပေခန့်မြင့်သည်။ ကော့ဂွန်းဂူအဝင်မုခ်ဦးမှစ၍ အတွင်းခန်းမဆောင်လှိုဏ်ဂူအတွင်းထိပ်ပိုင်းအထိ ရှေးခေတ်အလှူရှင်များလှူဒါန်းပူဇော်ခဲ့ကြသောရပ်တော်မူ/ထိုင်တော်မူ/တင်ပျဉ်ခွေတော်မူ/ လျောင်းတော်မူဗုဒ္ဓရုပ်ပွားတော်များစွာတို့ကိုဖူးမြော်ကြည်ညိုနိုင်ပါသည်။
ဂူထဲတွင်ဗုဒ္ဓရုပ်ပွားတော်များအပြင်ဆင် ဖြူတော်ရုပ်ထုတစ်ခုလည်းရှိပါသေးသည်။

ဂူဝတွင်ခြောက်သွေ့သော်လည်းအနည်းငယ်စိုစွတ်သည်။ လှိုဏ်ဂူအတွင်းအပြင်ပိုင်းဂူအမိုးနှင့်ဂူနံရံတို့တွင်အုတ်/ကျောက်/အင်္ဂတေပုံစံအမျိုးမျိုး အရွယ်အစားအမျိုးမျိုးထုလုပ်ထားသော အနီရောင်ဆေးသားများဖြင့် ပထမံအုတ်ခွက်ဘုရားများ၊ ဗုဒ္ဓဆင်းတုတော်များ၊ရုပ်လုံးရုပ်ကြွအများအပြားကိုတွေ့မြင်နိုင်သည်။ အုတ်ခွက် ဘုရားများစီမံထားပုံမှာ စေတီပုံ၊ ပြသာဒ်ပုံ၊တံခွန်ကုက္ကား ပုံစသည်ဖြင့်သရုပ်ဖော်ပုံ အမျိုးမျိုးရှိသည်။ 

မူလအုတ်ခွက်များကာလရှည်ကြာသဖြင့် အကြောင်းကြောင့်ကွာကျသောနေရာများတွင် ပြန်လည်မွမ်းမံအလှူရှင်များ၏အမည်များ/ခုနှစ်သက္ကရာဇ်များကိုမွန်ဘာသာဖြင့် ကဗ္ဗည်းထိုးထားသည်ကိုတွေ့မြင်နိုင်သည်။
ဂူအဝင်လမ်းတွင်ခြောက်မြှောင်းညီစေတီတစ်ဆူလည်းတွေ့မြင်နိုင်ပါသည်။ အနားတစ်ခုဆီတွင်လည်း အုတ်ခွက်ဘုရားများအပြည့်စီတန်းထားပါသည်။
လှိုဏ်ဂူအတွင်းရှိအုတ်ခွက်ဘုရားများမှာ သဘာဝဘေးဒဏ်မှလွတ်မြောက်သော်လည်း မသမာသူများလက်ချက်ဖြင့် အုတ်ခွက်ဘုရားများ ဖျက်ဆီးခံရသည်လည်းရှိသည်။ သက္ကရာဇ်(၁၈၃၅)တွင် သုတေသနပညာရှင်ရစ်ချတ်တင်ပယ်က နံရံကပ်ဆင်တုတော်တို့ကိုတန်(၅၀ဝ)ရှိသင်္ဘောဖြင့်သယ် ယူသွားသော်လည်း ထက်ဝက်မျှသယ်မသွားနိုင်ခဲ့ဟုဖော်ပြထားပါသည်။ အဘယ်မျှသမိုင်းဝင်အုတ်ခွက်ဘုရားများ များပြား သည်ကိုတွက်ဆနိုင်သည်။

ယခုပစ္စုပ္ပန်အခြေအနေတွင်ခွာလို့မရသည့်အုတ်ခွက်ဘုရားများသာကျန်ရှိနေပါတော့သည်။ ဂူတော်ကြီး အဝင်လမ်းတလျှောက်ဂူထဲမရောက်ခင်တောင်ဘက်တွင်သံဇကာဖြင့်ပိတ်ထားသောအခန်းနှစ်ခန်းလည်းရှိသေးသည်။ လူတစ်ရပ်ခန့်မြင့်သောပထမသံဇကာအခန်းတွင်ပျက်စီးနေသောရုပ်ပွားတော်များစွာစုပုံထားပါသည်။
ထိုအခန်းထဲရှိကျောက်နံရံထက်တွင်အမဲရောင်ဆေးသားဖြင့်ရေးခြစ်ထားသောကော့ဂွန်းဂူကျောက်စာသုံးကြောင်းကိုလည်းတွေ့မြင်နိုင်သည်။

အရှေ့ကိုအနည်းဆက်သွားပြီး လှေကားတစ်ခုကိုတက်ခဲ့လျှင် တောင်ဘက်တွင်ပိတ်ထားသောဒုတိယသံဇကာအခန်းကိုတွေ့မြင်ရပါသည်။ ထိုအခန်းထဲတွင် ရုပ်ပွားတော်သုံးခုစိုက်ထူထားပါသည်။ ထိုရုပ်ထုတော်များသည် သင်္ကန်းတော်ပါးပါးဝတ်ဆင်ထား၏။ ထိုရုပ်ပွားတော်များ၏တွဲကျနေသောသင်္ကန်းတွင် ရှေးဟောင်းမွန်ကျောက်စာ(၂၃) ကြောင်းကိုတွေ့မြင်နိုင်သည်။ ခြေသလုံးတော်/ပေါင်တော်/ကိုယ်လုံးတော် တို့ထင်ရှားစွာ ပေါ်လွင်နေသည်။
လည်ဆွဲတန်ဆာ/ရင်စည်းခါးဝတ်/စလွယ်နှင့်လက်ကြပ်များကို ဆင်မြန်းထားပါသည်။

အလည်လာသူခရီးသွား ဧည့်သည်တော်များနှင့်သုတေသနစိတ်ဝင်စားသူများအတွက်တန်ဖိုးမဖြတ်နိုင်သောနေရာတစ်ခုလည်းဖြစ်သည်။
ကော့ဂွန်းဂူတော်ကြီးသို့ တစ်နှစ်ပတ်လုံးဘုရားဖူးဧည့်သည်များဖြင့်စည်းကားနေပါသည်။ အလည်လာသူဘုရားဖူးဧည့်သည်များ ရှေးဟောင်းအုတ်ခွက်များကို တွေ့မြင်သည့်အခါ အံ့သြဘနန်းဖြစ်ရပါသည်။ တစ်ခေတ်တခါက ယဉ်ကျေးမှုအမွေအနှစ်များ ဘယ်လောက်စိမ့်ဝင်ပျံ့နှံ့ခဲ့သည်လည်းမှန်းဆနိုင်သည်။
ဂူတော်ကြီး၏ နံရံထက်အချို့နေရာများမှာကပ်ထားသည်အုတ်ခွက်ဘုရား အရာများသာရှိတော့သည်။ အချို့နေရာများတွင် နံရံကပ်တစ်ခုလုံးကွာကျပျက်စီးနေပြီးဖြစ်သည်။ ထိုအချင်းအရာများသည်ရှေးဟောင်းအမွေအနှစ်များအတွက် အလွန်နှမျောမိသည်။ အချို့နေရာများတွင် ယခုခေတ်ဘိလပ်မြေအင်္ဂတေများဖြင့် ပြန်လည်မွမ်းမံထားတာတွေ့ရပါသည်။ ထိုသို့ပြန်လည်မွမ်းမံခြင်းသည် ကောင်းသောလက္ခဏာတော့မဟုတ်ပါ။ မူလအုတ်ခွက်ဘုရားများကို ဖုံးအုပ်ထားသလိုခံစားမိသော ကြောင့်ဖြစ်သည်။ ယခုထက်ပိုမိုကောင်းမွန်သောထိန်းသိမ်းမှုမျိုးပြုလုပ်ရန်လိုသည်။

ရှေးဟောင်းကော့ဂွန်းဂူတော်ကြီးနှင့် ပတ်သတ်ပြီးသုတေသနပညာရှင်များစွာသုတေသနပြုခဲ့ပါသည်။ (၁၈၂၇)ခုနှစ်တွင် ဗြိတိသျှအမတ်ကြီးဂျွန်ကရော့ဖို့/(၁၈၃၅)ခုနှစ်တွင် သုတေသနပညာရှင်ရစ်ချတ်တင်ပယ်/(၁၈၃၆)ခုနှစ်တွင် ဆရာယုဒဒန်နှင့်အမေရိကန်သာသနာပြုအဖွဲ့/(၁၈၉၁)ခုနှစ်တွင် မစ္စတာတော်စိန်ခို/(၁၈၉၂)ခုနှစ်တွင် မေဂျာရစ်ချက်တင်ပသီ/(၁၉၄၀)ခုနှစ်တွင် ပါမောက္ခဂျီအိပ်ချပ်လုစ်နဲ့ဦးလူဖေဝင်း/(၁၉၅၈)ခုနှစ်တွင် ဦးလတ်/ဗိုလ်မှူးဘရှင်နှင့်ဒေါက်တာနိုင်ပန်းလှ/(၁၉၇၈)ခုနှစ်တွင် သြစတေးလျအမျိုးသားတက္ကသိုလ်မှ ကင်ပလာဂေါမန်းနှင့်မြန်မာနိုင်ငံရှေးဟောင်းသုတေသနအဖွဲ့တို့ ရောက်ရှိသုတေသနပြုခဲ့ပါသည်။

ထို့ကြောင့်အလည်လာသူဘုရားဖူးများသာမက သုတေသနစိတ်ဝင်စားသူများအတွက်ပါ အထောက်အကူပြုစေသောနေရာတစ်ခုလည်း ဆိုနိုင်သည်။
ရှေးဟောင်းကော့ဂွန်းဂူသည်ဘုရားဖူးဧည့်သည်များအတွက် အလွန်ကိုစိတ်ဝင်စားဖွယ်နေရာလေးလည်းဖြစ် သည်။ ကော့ဂွန်းဂူဘုရားသို့အလည်လာရင်း ကရင်ပြည်နယ်ဘားအံတစ်ခွင်အခြားဂူဘုရားစေတီများသာမက မွန်ပြည်နယ်ဘက်တန်ခိုးကြီးဘုရားများသို့ လည်းသွားရောက်လည်ပတ်နိုင်မည်။ အလည်လာသူဘုရားဖူးဧည့်သည်များအတွက်စိတ်ချမ်းမြေ့စေမှာအမှန်ပင်။ ထို့ကြောင့်ကော့ဂွန်းဂူသို့ခရီးသွားဧည့်သည်များ ကိုဖိတ်ခေါ်လိုက် ရပါသည်။

Leave a Reply