အမေရိကန်ဒေါ်လာဈေးမြင့်တက်ခြင်းကြောင့် ယခုအပတ်အတွင်း စက်တင်ဘာလ တတိယအပတ်အတွင်း စက်သုံးဆီဈေးနှုန်းများအနည်းငယ် မြင့်တက်လာကြောင်း မော်လမြိုင်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။

oil
စက်တင်ဘာလ ဒုတိယပတ်က မော်လမြိုင်မြို့ပေါ်တွင် ဒီဇယ် တစ်လီတာလျှင် ၅၉ဝ ရှိရာမှ စက်တင်ဘာလ ၂၂ ရက်နေ့တွင် တစ်လီတာလျှင် ၆၁ဝ အထိဈေးမြင့်တက်လာကြောင်း မော်လမြိုင်၊ မြို့ရှောင်လမ်းရှိ ရာဇာမင်း စက်သုံးဆီအရောင်းဆိုင် မန်နေဂျာ ဦးအေးကိုက ပြောသည်။

ထို့အတူ အောက်တိန်း ၉၂ ဓာတ်ဆီဈေးများလည်းမြင့်တက်လာပြီး တစ်လီတာလျှင် ကျပ် ၆၀ဝ ဝန်းကျင်အထိ မြင့်တက်လျက်ရှိကြောင်း မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။

“ဒီလိုပဲ ကိုယ်ဝယ်တဲ့ဈေးက မြင့်ရင် ပြန်ရောင်းရင်လည်း ဈေးမြင့်ရောင်းပေးရတယ်။ ကျွန်တော်တို့က လီတာနဲ့ပဲ ဝယ်တယ်။ ဂါလံတို့ တိုင်ကီတို့နဲ့ မဝယ်ဘူး” ဟု ရာဇာမင်း စက်သုံးဆီအရောင်းဆိုင် မန်နေဂျာ ဦးအေးကိုက ဆိုသည်။

နိုင်ငံခြားမှ တင်သွင်းနေရသောကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမှာ ကမ္ဘာ့ရေနံစိမ်းဈေးနှင့် ဒေါ်လာပေါက်ဈေးများမူတည်၍ အတက်အကျဖြစ်ပြီး ယခုမြင့်တက်မှုမှာ ဒေါ်လာဈေးကြောင့်ဖြစ်ကြောင်း စက်သုံးဆီလုပ်ငန်းရှင်များထံမှ သိရသည်။

ပြည်တွင်း၌ ဒေါ်လာဈေးများသည် ယခုလဆန်းပိုင်းမှစတင်၍ မြင့်တက်လာခဲ့ရာ သြဂုတ်လ ၂၂ ရက်နေ့က ဘဏ်များတွင် တစ်ဒေါ်လာလျှင် ၁၂၄၂ ကျပ်ဝန်းကျင်ပေါက်ဈေးရှိသည်။

ထို့အပြင် မော်လမြိုင်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့သည် ရန်ကုန်ရုံးချုပ်က သတ်မှတ်ပေးထားသော ဈေးနှုန်းများကိုသာ ရောင်းချရမည်ဖြစ်၍ နေရာဒေသပေါ်မူတည်ပြီး ဈေးနှုန်းအတက်အကျများကိုလည်း တစ်ဆိုင်နှင့်တစ်ဆိုင် ကွာဟမှုရှိကြောင်း မော်လမြိုင်မြို့၊ New Day စက်သုံးဆီအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သြဂုတ်လ ၂၂ ရက်နေ့က မော်လမြိုင်မြို့တွင် လက်ရှိ စက်သုံးဆီအရောင်းဆိုင် ဈေးနှုန်းမှာ ပရီမီယမ်ဒီဇယ် တစ်လီတာလျှင် ၆၄ဝ ကျပ်၊ အောက်တိန်း 92 တစ်လီတာလျှင် ၆၁ဝ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၆၉ဝ ကျပ်နှင့် ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၆၁ဝ ကျပ်ဝန်းကျင်ပေါက်ဈေး ရှိသည်။

Leave a Reply