မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ အထက်လမ်းမကြီးရှိ နှစ်ပေါင်း ၁၀ဝ ကျော် ကြာမြင့်ပြီဖြစ်သည့် အကျဉ်းထောင်မြေနေရာကို မည်သည့်ကုမ္ပဏီကိုမှ ရောင်းချထားခြင်းမရှိဘဲ အချုပ်ထောင်အဖြစ် ဆက်လက်
ထားရှိမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းဟန်က ဟင်္သာမီဒီယာသို့ ပြောဆိုသည်။

mlm-jail

အဆိုပါအကျဉ်းထောင်မြေနေရာကို ရောင်းချထားသည်ဟု သတင်းများ ထွက်ပေါ်လာခြင်းအပေါ် ၎င်းမှ နေပြည်တော်ရှိ သုတေသနဝန်ဆောင်မှုရုံးသို့ မေးမြန်းခဲ့ရာ ယခုကဲ့သို့ ပြန်လည်ဖြေကြားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကျိုက်မရော(ပိန္နဲကုန်း) အကျဉ်းထောင်ပြီးစီး၍ အကျဉ်းသားများကို ပြောင်းရွှေ့ပြီးပါက မော်လမြိုင်အကျဉ်းထောင်ကို အကျဉ်းဦးစီးဌာနအောက်တွင် အချုပ်ထောင်အဖြစ် ဆက်လက် ထားရှိသွားရန်ရှိကြောင်း သုတေသနဝန်ဆောင်မှုရုံး(နေပြည်တော်)က စက်တင်ဘာ ၁၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

၂၀၁၃ ခုနှစ်တွင် စတင်တည်ဆောက်လျက်ရှိသော ကျိုက်မရောအကျဉ်းထောင်စီမံကိန်းကို ၂၀၁၆ ခုနှစ်တွင် ပြောင်းရွှေ့နိုင်မည်ဟု ကနဦး ထုတ်ပြန်ကြေညာထားသော်လည်း လက်ရှိအချိန်တွင် ၈၀ ရာခိုင်နှုန်းသာ ပြီးစီးသောကြောင့် ၂၀၁၇ ခုနှစ် အစပိုင်းမှသာ ပြောင်းရွှေ့နိုင်မည်ဖြစ်ကြောင်း အကျဉ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မော်လမြိုင်အကျဉ်းထောင်တွင် အကျဉ်းသားများ ယခုအချိန်ထိ ထားရှိနေဆဲဖြစ်ပြီး အကျဉ်းသားပေါင်း ၁၇၀ဝ ရှိသည်။

Leave a Reply